မြန်မာကို မူဝါဒ နှစ်မျိုးနဲ့ ဆက်ဆံသွားမယ်လို့ အမေရိကန်ပြော
စက်တင်ဘာလ ၂၉ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် သံအမတ်ကြီး ဒဲရစ်ခ် မစ်ချဲလ်နဲ့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ ဝါရှင်တန်မြို့တော်မှာ တွေ့ဆုံတာနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
-
2011-10-01 -
-
-
အဲဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေးနဲ့ နိုင်ငံရေး အကျဉ်းသားကိစ္စ၊ ဒီမိုကရေစီနဲ့ အမျိုးသား ရင်ကြားစေ့ရေးကိစ္စ အပါအဝင် နျူကလီးယားလက်နက် မပြန့်ပွားရေး၊ စတာတွေကို နှစ်ဘက်စလုံးက ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအပေါ် ထားရှိမယ့် အမေရိကန်ရဲ့ မူဝါဒနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုက ချမှတ် ကျင့်သုံးနေတဲ့ မူဝါဒ နှစ်မျိုးစလုံး အတိုင်း ဆက်လက်ကျင့်သုံးသွားမယ့်အကြောင်း၊ အနီးကပ် ဆက်ဆံရေး မူဝါဒနဲ့ အတူ ပိတ်ဆို့ အရေးယူမှုကိုလည်း ဆက်ပြီး ကိုင်စွဲထားမယ့်အကြောင်း အမည်မဖော်လိုတဲ့ အမေရိကန် နိုင်ငံခြားရေးဌာန အရာရှိတဦးက ပြောပါတယ်။
ဒီဆွေးနွေးပွဲမှာ သံအမတ်ကြီး ဒဲရစ်ခ်မစ်ချဲလ် နဲ့အတူ အာရှနဲ့ ပစိဖိတ်ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကဒ်ကမ်ဘယ်လ် (Kurt Campbell) နဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ လက်ထောက် အလုပ်သမားရေးရာ ဝန်ကြီး Michael Posner တို့လည်း တက်ရောက်ခဲ့ပါတယ်။
မြန်မာ့အရေးနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အနေနဲ့ ဝါရှင်တန်ဒီစီကို ပထမဆုံးအကြိမ် လာရောက်ဆွေးနွေးတာ ဖြစ်ပါတယ်။ အရင်စစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဦးဉာဏ်ဝင်းကို ဝါရှင်တန်ဒီစီမြို့တော်ကို ၂ဝဝ၉ ခုနှစ်က လာရောက် လည်ပတ်ခွင့်ပြုခဲ့ပါတယ်။
မြန်မာနိုင်ငံအပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှု ဥပဒေအရ စစ်ဗိုလ်ချုပ်တွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တချို့ကို အမေရိကန်နိုင်ငံ ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားပါတယ်။