သက်ငယ်မုဒိမ်းမှု ပပျောက်ရန်နဲ့ ကျူးလွန်သူတွေကို ထိရောက် တဲ့ ပြစ်ဒဏ်တွေပေးဖို့ တောင်းဆို
2016.11.16

ရခိုင်ပြည်နယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာ သက်ငယ်မုဒိမ်းမှုကျူးလွန်သူတွေကို ထိရောက်တဲ့ ပြစ်ဒဏ်တွေပေး ဖို့ စစ်တွေမြို့မှာ အရပ်ဘက်လူမှုအဖွဲ့ ၁၀ ဖွဲ့ကျော်စုပေါင်းပြီး အမျိုးသမီး ၈၀ လောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြ ပါတယ်။
မြန်မာနိုင်ငံမှာ အခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုတွေ ပိုမိုများပြားလာနေတာဟာ ထိရောက်တဲ့ ပြစ်ဒဏ်ပေးမှုတွေ မရှိတာကြောင့်ဖြစ်တယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူတွေက ပြောပါတယ်။
ပြစ်မှုကျူးလွန်ခံရတဲ့ မိန်းကလေးငယ်တွေရဲ့ အနာဂတ်တစ်ခုလုံးကို နစ်နာစေတာကြောင့် လက်ရှိ မြန်မာနိုင်ငံ မှာကျင့်သုံးနေတဲ့ မုဒိမ်းမှုကိုချမှတ်တဲ့ ဥပဒေဟာ ထိရောက်တဲ့ ပြစ်ဒဏ်မဟုတ်တဲ့အတွက် သေဒဏ်အထိ ပြစ်ဒဏ်ချ မှတ်နိုင်တဲ့ဥပဒေကို လွှတ်တော်က ပြင်ဆင်ပြဌာန်းပေးဖို့ကိုလည်း ဆန္ဒပြသူတွေ က တောင်းဆိုခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်မှာ ၂ နှစ်တာအတွင်း သက်ငယ်မုဒိမ်းမှုပေါင်း ၁၀ မှုကျော်အထိ ဖြစ်ပွားခဲ့ပြီး အဲဒီအထဲမှာ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တွေလည်း ပါဝင်နေတယ်လို့ ဆန္ဒပြသူ တွေကပြောပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်မှာ သက်ငယ်မုဒိမ်းမှုအပေါ် လိုက်ပါကူညီပေးနေသူအချို့ကို ပြစ်မှုကျူးလွန်သူတွေနဲ့ မိသား စုဝင်တွေက ခြိမ်းခြောက်မှုတွေရှိနေတယ် လို့လည်း သိရပါတယ်။