မေလလယ်အထိ လေပြင်း တိုက်နိုင်
မြန်မာနိုင်ငံ အောက်ပိုင်းနဲ့ အထက် ပိုင်းဒေသတွေမှာ မိုးတိမ်တောင်တွေ ရှိနေတာကြောင့် မေလ ဒုတိယပတ် အထိ လေပြင်းတိုက်တာ၊ မိုးသီးကြွေတာ၊ မိုးရွာတာနဲ့ မိုးကြိုးပစ်တာတွေ ဖြစ်ပေါ်နိုင်သေးတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ပြောပါတယ်။
-
2017-05-06 -
-
-
မြန်မာနိုင်ငံ အောက်ပိုင်းနဲ့ အထက်ပိုင်းဒေသတွေမှာ မိုးတိမ်တောင်တွေ ရှိနေတာကြောင့် မေလ ဒုတိယ ပတ်အထိ လေပြင်းတိုက်တာ၊ မိုးသီးကြွေတာ၊ မိုးရွာတာနဲ့ မိုးကြိုးပစ်တာတွေ ဖြစ်ပေါ်နိုင်သေးတယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ပြောပါတယ်။
မုတ်သုန်လေ ဝင်ရောက်တိုက်ခတ်ချိန်ရောက်မှ လေပြင်းတိုက်တာနဲ့ မိုးသီးကြွေတဲ့ ဖြစ်စဉ်တွေ လျော့ပါးသွား မှာ ဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှု ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြော ပါတယ်။
"မိုးတိမ်တောင်တွေ ရှိနေတာကြောင့် လေပြင်းတိုက်တာ၊ မိုးသီးကြွေတာတွေ ဒါတွေကတော့ ရှိနေဦးမယ် ။ လေပြင်းတိုက်တာတို့ မိုးသီးကြွေတာတို့က မုတ်သုန်ဝင်သွားရင်တော့ လျော့သွားမယ့် အနေအထား ရှိတယ်။ မုတ်သုန်က မေလ ၁၆ ကနေ ၂၀ ဆို မြန်မာနိုင်ငံတောင်ပိုင်းပေါ့နော် ၊ မြစ်ဝကျွန်းပေါ်ဘက်ကတော့ ၂၁ ကနေ ၂၅ ၊ မြန်မာနိုင်ငံ အလယ်ပိုင်းကတော့ ၂၆ ကနေ ၃၀ ရက်ပေါ့နော်။ မြန်မာနိုင်ငံ အထက်ပိုင်းပေါ့ တနိုင်ငံလုံးဆိုရင် မေလ ၃၁ ကနေ ဇွန်လ ၄ ရက်နေ့ အတွင်း ဝင်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်"
မြန်မာနိုင်ငံ အထက်ပိုင်းနဲ့ အောက်ပိုင်းဒေသတွေဖြစ်တဲ့ ချင်း၊ ကချင်၊ စစ်ကိုင်း၊ တနင်္သာရီ၊ ကယား၊ ကရင်ပြည် နယ်၊ မွန်ပြည်နယ်၊ နေပြည်တော်၊ ရန်ကုန်နဲ့ ရှမ်းပြည်နယ်တွေမှာ မေလဒုတိယပတ်အထိ နေရာကွက်ကြား မိုးရွာတာ၊ လေပြင်းတိုက်တာ၊ မိုးသီးကြွေတာနဲ့ မိုးကြိုးပစ်တာတွေ ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။
မနေ့က ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းနဲ့ တနင်္သာရီတိုင်းဒေသကြီးတွေ မှာ မိုးသီးတွေကြွေတာ၊ လေပြင်းတွေတိုက်တာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီလေပြင်းတိုက်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးမှာ အိမ်ခြေ ၂၀၀ ဝန်းကျင်လောက်ပျက်စီးပြီး ကလေးတစ်ယောက် သေဆုံးသွားတယ်လို့ သိရပါတယ်။