ရှမ်းပြည်နယ် လေဘေးအတွင်း လူ ၂ ဦး သေဆုံး
ရှမ်းပြည်နယ် မိုင်းဖြတ်၊ တာချီလိတ်၊ ကျိုင်းတုံ၊ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ် စတဲ့ မြို့နယ်တွေမှာ ပြီးခဲ့တဲ့နှစ် ရက်လောက်က စပြီး မိုးကြီး ပြီး လေပြင်းတိုက်ခဲ့ တာကြောင့် လူနေအိမ်နဲ့ အဆောက် အအုံ ၁၅၀ ကျော် ပျက်စီးသွားပြီး လူ ၂ ဦးသေ ဆုံးခဲ့တယ်လို့ ရှမ်းပြည်နယ် ကယ်ဆယ်ရေးနဲ့ ပြန်လည် နေ ရာချထားရေး ဦးစီးမှူးရုံး က ပြောပါတယ်။
-
2016-08-21 -
-
-
Your browser doesn’t support HTML5 audio
ရှမ်းပြည်နယ် မိုင်းဖြတ်၊ တာချီလိတ်၊ ကျိုင်းတုံ၊ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ် စတဲ့ မြို့နယ်တွေမှာ ပြီးခဲ့တဲ့နှစ် ရက်လောက်ကစပြီး မိုးကြီးပြီး လေပြင်းတိုက်ခဲ့ တာကြောင့် လူနေအိမ်နဲ့ အဆောက်အအုံ ၁၅၀ ကျော် ပျက်စီးသွားပြီး လူ ၂ ဦးသေဆုံးခဲ့တယ်လို့ ရှမ်းပြည်နယ် ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဦးစီးမှူးရုံး က ပြောပါတယ်။
ကျောက်မဲမြို့နယ်မှာ မိုးကြိုးပစ်တာကြောင့် နေအိမ် ၃ လုံး မီးလောင်ကျွမ်းရာမှာ လူ ၂ ဦး သေဆုံးသွားတာဖြစ် တယ်လို့ ရှမ်းပြည်နယ် ကယ်ဆယ်ရေးနဲ့ ပြန် လည်နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင် က ပြောပါတယ်။
"တောင်ပေါ်ဒေသတွေမှာကျတော့ လေပြင်းတိုက်တာပဲ၊ အနိမ့်ပိုင်းတွေကျတော့ လေပြင်းနဲ့အတူ မိုးပါတော့ ရေကြီး သွားတဲ့သဘောပါပဲ၊ ကျောက်မဲမှာတော့ မိုးရွာပြီးတော့မှ မိုးကြိုးပစ်တော့ အိမ်မှာရှိတဲ့ ဆိုလာပြားကိုပစ်တော့ အဲ့ဒီကမှတဆင့် ဝါယာရှော့ဖြစ်ပြီးတော့မှ အိမ်ကိုလောင်သွားတာပေါ့နော်၊ မီးလောင်တဲ့အခါမှာ သူတို့မီးတွင်းထဲမှာ ပါသွားတာ၊ မီးလောင်တဲ့အခါမှာ အိပ်ပျော်တဲ့အချိန်မှာ ဆိုတော့လေ၊ မိုးကြိုးမှန်တဲ့မီးထဲမှာတော့ လူ ၂ ယောက်သေ တယ်လေ၊ သေတဲ့အတွက်ကြောင့် နာရေးထောက်ပံ့မှုအနေနဲ့ ၁ ယောက်ကို ကျနော်တို့ ၁ သိန်းပေးပါတယ် ၊ နောက်တစ်ခါ မီးလောင်သွားတဲ့ အိမ် ၃ လုံးပေါ့လေ အဲ့ဒါအတွက်လည်း တစ်အိမ်ကို ၁ သိန်းနှုန်းနဲ့ ကျနော်တို့က အိမ်ဆောက် ပစ္စည်း ထောက်ပံ့ငွေပေးပါတယ်"
အိမ်အမိုးပျက်စီးသွားတဲ့ နေအိမ်တွေအတွက် ငွေကျပ် ၂ သောင်းစီနဲ့ လုံးဝပြိုလဲသွားတဲ့ နေအိမ်တွေအတွက် ငွေ ကျပ် ၅ သောင်းစီ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေ ရာချထားရေး ဦးစီးဌာနက ထောက်ပံ့ပေးထားပါတယ်။
ဒါ့အပြင် လုံချည်၊ စောင်ခြင်ထောင်၊ ဆပ်ပြာ၊ ဇလုံ၊ အဝတ်အထည် စတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ စားနပ်ရိက္ခာအတွက် ဆန်တွေလည်း ထောက်ပံ့ပေးထား ပါတယ်။
ရှမ်းပြည်နယ်က မြို့နယ်တချို့မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့က လေပြင်းတိုက်ရာမှာ နေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ခရစ်ယာန် ဘုရားကျောင်းတွေ ပျက်စီးခဲ့သလို ဓါတ်တိုင်တွေလည်း ပြိုလဲခဲ့တာ ဖြစ်ပါတယ်။
အလားတူ မိုးမိတ်မြို့နယ်မှာ မိုးများပြီး ရေကြီးရေလျှံမှုတွေကြောင့် အိမ်ထောင်စု ၂၃၀ ကျော်ဟာ နီးစပ်ရာဆွေမျိုးအိမ်တွေနဲ့ ကယ်ဆယ်ရေးစခန်းမှာ ယာယီရွှေ့ပြောင်းနေထိုင်နေကြရပါတယ်။
အရှေ့လေပွေလှိုင်းဖြတ်သန်းမှုကြောင့် ရှမ်း၊ ချင်း၊ စစ်ကိုင်း၊ မန္တလေး စတဲ့တိုင်းနဲ့ ပြည်နယ်တွေမှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင် က သတိပေးထားပါတယ်။
ရှမ်းပြည်နယ် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။