မုန်တိုင်းငယ် သတိပေးချက် ထုတ်ပြန်
2016.11.06

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တို့မှာ နိုဝင်ဘာ ၆ ရက်ကနေ ၈ ရက်နေ့အထိ မိုးကြီးနိုင်တယ်လို့ မိုးလေဝနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
အဲဒီလို မိုးကြီးနိုင်တဲ့အတွက် မြေပြိုမှုအန္တရာယ်တွေကို သတိထားရမယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။
"တိမ်တိုက်အကြွင်းကျန်တွေက မြန်မာနိုင်ငံဘက်ထဲကို ရောက်မယ်။ မြန်မာနိုင်ငံဘက်ထဲကိုရောက်ရင် ချင်းပြည်နယ်တို့ စစ်ကိုင်းတိုင်းဒေသကြီးတို့ ကချင်ပြည်နယ်တို့မှာ စိပ်စိပ်ကနေပြီးတော့ နေရာအနှံ့အပြား မိုးရွာပြီးတော့မှ နေရာကွက်ပြီးမိုးကြီးနိုင်တယ်။ ဒီ ၆ ရက်ကနေ ၈ ရက်နေ့အထိပေါ့နော်။ မိုးကြီးနိုင်တဲ့ အတွက် ချင်းပြည်နယ်တို့ ဘာတို့မှာတော့ အချို့နေရာတွေမှာတော့ မြေပြိုမှုအန္တရာယ်တို့ဘာတို့ အဲ့ဒါမျိုးတွေကိုတော့ နည်းနည်းဂရုပြုမိဖို့တော့ လိုတာပေါ့နော်"
အဲဒီမုန်တိုင်းငယ်ဟာ နောက် ၁၂ နာရီအတွင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းကမ်းခြေကို ဖြတ်ကျော် ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အဲဒီမုန်တိုင်းငယ်အရှိန်ကြောင့် မန္တလေး၊ မကွေး၊ ရခိုင်နဲ့ ရန်ကုန်စတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာလည်း မိုးရွာနိုင်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ မိုးသက်လေပြင်းတွေကျပြီး လှိုင်းအသင့် အတင့်ကနေ လှိုင်းကြီးနိုင်တယ်လို့လည်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးထုတ်ပြန် ထားပါတယ်။