တော်လှန်သင်္ကြန်အဖြစ် ဆင်နွှဲကြဖို့ သပိတ်ခေါင်းဆောင်တွေ တိုက်တွန်း

"အပျော်သင်္ကြန်မဟုတ်ဘူး၊ တော်လှန်သင်္ကြန်ဖြစ်တယ်" တော်လှန်တဲ့ နည်းနာပုံစံအဖုံဖုံနဲ့ ပါဝင်ဖို့ တောင်းဆိုထားတယ်၊ တော်လှန်ရေးနဲ့ ပတ်သက်ပြီး သွေးမအေးဘူးဆိုတာ အကြမ်းဖက် စစ်အုပ်စုကို အုပ်ချုပ်ခွင့် မပေးဘူးဆိုတာ ပြနိုင်မယ့် အခွင့်အရေး တစ်ခုဖြစ်တယ်၊ ဒါကြောင့် တစ်ယောက်ချင်း ပူးပေါင်းပါဝင်ပြီး ပြည်သူတွေ ညီညွတ်မှုပြဖို့ တောင်းဆိုနေရခြင်းဖြစ်ပါတယ်"

၂၀၂၂ ခုနှစ် ဧပြီလ ၅ ရက်နေ့က စစ်ကိုင်းတိုင်း၊ မုံရွာဒေသခံများ ဆန္ဒပြခဲ့ကြစဉ်။ Photo - CJ

သင်္ကြန်ရောက်ဖို့ ငါးရက်ပဲ လိုပါတော့တယ်။ ဒီနှစ်သင်္ကြန်ကို တော်လှန်သင်္ကြန်အဖြစ်ပါဝင် ဆင်နွှဲကြဖို့ စစ်အာဏာဆန့်ကျင်ရေး ဆန္ဒပြသပိတ်ခေါင်းဆောင်တွေက တိုက်တွန်းနေကြပါတယ်။

တော်လှန်သင်္ကြန်ကို ဘယ်လိုဆင်နွှဲရမှာပါလဲ။ မန္တလေးမြို့က သပိတ်ခေါင်းဆောင် ကိုတေဇာစန်းက "အကြိုနဲ့ အကျမှာ ကျနော်တို့ရဲ့ ကျဆုံးအာဇာနည်တွေ၊ အကျဉ်းကျ သူရဲကောင်းတွေနဲ့ PDF/ ERO သူရဲကောင်းတွေကို ပံ့ပိုးကူညီကြဖို့ ဂုဏ်ပြုကြဖို့ ဖြစ်ပါတယ်။ အကြတ်နဲ့ အတက်မှာ CDM သူရဲကောင်းတွေနဲ့ စစ်ဘေးသင့် စစ်ဘေးရှောင် ပြည်သူတွေကို ပံ့ပိုးကြဖို့ပါ၊ မြန်မာ့ နှစ်ဆန်းတစ်ရက်နေ့မှာတော့ သင်္ကြန်ရိုးရာနဲ့အညီ သံပုံးတီးသပိတ်၊ နှစ်သစ်ဆုတောင်း သပိတ်၊ ပန်းသပိတ်တွေ ဆင်နွှဲကြဖို့ပါ။ သင်္ကြန်ရက် တလျှောက်လုံးမှာတော့ အတာအိုးသပိတ်တွေ ဆင်နွှဲကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်"

အာဏာသိမ်း စစ်ကောင်စီဘက်ကတော့ ဒီနှစ်သင်္ကြန်ကို စည်စည်ကားကား ကျင်းပဖို့ ပြင်ဆင်နေပါတယ်။ရန်ကုန်မြို့တော်ခန်းမရှေ့မှာ အခိုင်အမာ မဏ္ဍပ်ကြီး ဆောက်ထားသလို မန္တလေးမှာဆိုရင်လည်း ၂၆ လမ်းပေါ်မှာ မြို့တော် မဏ္ဍပ် ဆောက်ထားပါတယ်။

တိုင်းပြည်ရဲ့ အနေအထားဟာ ပုံမှန်လည်ပတ်နေပြီဆိုပြီး ဝါဒဖြန့်ချင်လို့ ဒီနှစ်သင်္ကြန်ကို စစ်ကောင်စီဘက်က စည်စည်ကားကား ကျင်းပဖို့ ပြင်ဆင်နေတာလို့ ကိုတေဇာစန်းက ယူဆပါတယ်။

"လက်ရှိတိုင်းပြည်က ပုံမှန်ဖြစ်နေပြီဆိုတာ ပြချင်တာပေါ့ဗျာ။ ပြည်သူလူထုက စစ်အုပ်ချုပ်ရေးအောက်မှာ အသားကျသွားပြီ၊ သွေးအေးသွားကြပြီပေါ့ဗျာ၊ဒီတိုင်းပြည်က ပုံမှန်အနေအထားတစ်ခု ရောက်နေပြီဆိုတာ လုပ်ကြံဖန်တီးပြချင်လို့ အခုလို ပွဲလမ်းသဘင်တွေကို အဓ္ဓမ လုပ်နေတာ၊ အထူးသဖြင့် ကမ္ဘာကို ပြောချင်၊ ပြချင်မှာပေါ့၊ တိုင်းပြည်ကြီးက ပုံမှန်လည်ပတ်နေပြီ လူထုက သွေးအေးသွားပြီဆိုတာကို ပြချင်တာ၊ နိုင်ငံရေး အမြတ်ထုတ်ဖို့ရာအတွက် အင်တိုက်အားတိုက် လုပ်ကြံ ဖန်တီးနေတာဖြစ်တယ်၊ ကျနော်တို့ လူထုက ဒါကို လေးလေးနက်နက် နားလည်သဘောပေါက်ဖို့လိုတယ်၊ အဓ္ဓမလုပ်ကြံနေတဲ့ ထောင်ချောက်လှည့်ကွက်ထဲကို ပါမသွားဖို့ အင်မတန်အရေးကြီးတယ်ဆိုတာကို ပြောချင်တယ်၊ လက်ရှိကာလက တော်လှန်ရေး ကာလဖြစ်တာကြောင့် တော်လှန်သင်္ကြန်ပဲ ဆင်နွှဲကြဖို့ တိုက်တွန်းချင်တယ်"

ဒီတော်လှန်သင်္ကြန်မှာ ပါဝင်ကြဖို့ နှိုးဆော်ချက် စာရွက်တွေကို သပိတ်မှောက်လူငယ်တွေက လူစည်ကားတဲ့နေရာတွေမှာ လိုက်လံဝေငှနေသလို စျေးတွေ၊ ဘတ်စ်ကားပေါ်တွေမှာလည်း လိုက်လံ ဟောပြောနေပါတယ်။

ရန်ကုန်မြို့က လူငယ်သပိတ်ခေါင်းဆောင် ကိုနန်းလင်းက ... "ကျနော်တို့ တိုင်းပြည်ရဲ့ လက်ရှိ အာဏာသိမ်း တစ်နှစ်ကျော်ကာလဟာ တကယ့်ကို ဆိုးဆိုးရွားရွား အခြေအနေတွေ၊ တကယ့်ကို ကျပ်တည်းနေတာ၊ တိုက်ပွဲဝင်နေကြသူတွေရော၊ နစ်နာဆုံးရှုံးမှုတွေရော များစွာရှိနေတယ်၊ ဒီလိုအခြေအနေမှာ ပြည်သူတွေကိုယ်တိုင်က "အပျော်သင်္ကြန်မဟုတ်ဘူး၊ တော်လှန်သင်္ကြန်ဖြစ်တယ်" တော်လှန်တဲ့ နည်းနာပုံစံအဖုံဖုံနဲ့ ပါဝင်ဖို့ တောင်းဆိုထားတယ်၊ တော်လှန်ရေးနဲ့ ပတ်သက်ပြီး သွေးမအေးဘူးဆိုတာ အကြမ်းဖက် စစ်အုပ်စုကို အုပ်ချုပ်ခွင့် မပေးဘူးဆိုတာ ပြနိုင်မယ့် အခွင့်အရေး တစ်ခုဖြစ်တယ်၊ ဒါကြောင့် တစ်ယောက်ချင်း ပူးပေါင်းပါဝင်ပြီး ပြည်သူတွေ ညီညွတ်မှုပြဖို့ တောင်းဆိုနေရခြင်းဖြစ်ပါတယ်"

တောရောမြို့ပါမကျန် နှစ်စဉ်ဆင်နွှဲလာတဲ့ သင်္ကြန်ဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဒဏ်ကြောင့် ၂၀၂၀ ပြည့်နှစ်မှာ ကျင်းပခြင်းမရှိခဲ့ပါဘူး။

၂၀၂၁ ခုနှစ်မှာတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူလူထုရွေးကောက်ခံ အစိုးရဆီကနေ နိုင်ငံအာဏာကို သိမ်းယူလိုက်တာကြောင့် တစ်နိုင်ငံလုံး ဆန္ဒပြမှုတွေ ပေါ်ပေါက်လာပြီး သင်္ကြန်လည်းလုပ်ခွင့် မရခဲ့ပါဘူး။

၂၀၂၂ ခုနှစ် ဧပြီလ ၇ ရက်နေ့က မြင်တွေ့ရသည့် ရန်ကုန်မြို့တော်ခန်းမ သင်္ကြန်မဏ္ဍပ်

ဒီနှစ်နဲ့ဆိုရင် သင်္ကြန်မလုပ်ရတာ သုံးနှစ်တိတိရှိပါပြီ။ သပိတ်ခေါင်းဆောင်ကို နန်းလင်းကတော့ ... "သင်္ကြန် ဘယ််တော့ ပျော်နိုင်မလဲဆိုရင် ကျနော်တို့ မြန်မာပြည်ရဲ့ နေရာအားလုံး၊ တောင်တန်းပြည်မ အားလုံး၊ အကြောက်တရားကင်းကင်း လွတ်လွတ်လပ်လပ်နဲ့ ရှိချိန်မှာ ကျနော်တို့ အားလုံး တန်ဖိုးထားတဲ့ သင်္ကြန်ကို လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ ခမ်းခမ်းနားနား စီရင်ကျင်းပခွင့်ရတဲ့ အချိန်ကျရင် ပျော်ရမှာပါ။ ဒီလိုပျော်ရဖို့ တော်လှန်ရေး ပန်းတိုင်ရောက်ဖို့ အရေးကြီးပါတယ်။ ပြည်သူတွေ ခိုင်မြဲတဲ့စိတ်နဲ့ တိုက်ပွဲဝင်ကြဖို့ အရေးကြီးပါတယ်"

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (AAPP) ရဲ့ စာရင်းတွေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ တစ်ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် စစ်ကောင်စီရဲ့ လက်ချက်ကြောင့် သေဆုံးရတဲ့သူ ဒီကနေ့အထိဆိုရင် ၁၇၃၅ ယောက်ရှိသွားပါပြီ။

ဒီအရေအတွက်ကို ရာခိုင်နှုန်းအားဖြင့် တွက်ကြည့်ရင် အာဏာသိမ်းရက်တွေအတွင်း တစ်ရက်မှာ အနည်းဆုံး လူလေးယောက် သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org