ဆေးရုံရောက် ကျောင်း သားတွေ ထောင်ကို ပြန်ပို့

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက် ကုသနေတဲ့ အမျိုူးသားပညာရေး ဥပဒေ ပြင်ဆင်ရေး သပိတ်မှောက် ကျောင်း သားတွေထဲကတချို့ကို နေပြည်တော်က အမိန့်နဲ့ သာယာ ဝတီထောင်ကို ပြန်ပို့ခဲ့တယ်လို့ ကျောင်းသားတွေက ပြောပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ နိုဝင်ဘာလ ၁၅ ရက်နေ့က ဗကသအဖွဲ့ဝင် ကိုအောင်မှိုင်းဆန်းကို တွေ့ရစဉ် ဓါတ်ပုံ - အောင်သိင်္ခ/RFA

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ အမျိုူးသားပညာရေး ဥပဒေ ပြင်ဆင်ရေး သပိတ်မှောက် ကျောင်းသားတွေထဲကတချို့ကို နေပြည်တော်က အမိန့်နဲ့ သာယာဝတီထောင်ကို ပြန်ပို့ခဲ့တယ် လို့ ကျောင်းသားတွေက ပြောပါတယ်။

ဆေးကုသမူခံယူနေတဲ့ ကျောင်းသား ၁၃ ဦးရှိတဲ့အနက် ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်း အပါအဝင် ၇ ဦးကို နေပြည်တော်က အမိန့်အရ ဒီဇင်္ဘာလ ၁၁ ရက်နေ့က ထောင်ကို ပြန်ပို့ခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး  ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမူခံယူနေတဲ့ ကျောင်းသားခေါင်းဆောင် မင်းသွေးသစ် က အခုလိုပြောပါတယ်။

"ကျနော်တို့ ၄ ယောက်ကိုချန်ထားပြီး ကျန်တဲ့ကျောင်းသားတွေ ဆေးရုံဆင်းရမယ်ဆိုပြီး ရုတ်တရက် ဆေးရုံမှာ လာပြောတယ်၊ နောက်တစ်ရက် နှစ်ရက်လောက် နေဖို့ပြောတဲ့အခါမှာ သူတို့ကလက်မခံဘူး၊ နေပြည်တော်ကို သူတို့ဆင်းသွားပြီလို့ သတင်းပို့လိုက်ပြီပေါ့၊ ဆေးရုံအုပ်ကခေါ်ပြီးတော့ ကျနော်တို့ဆီက လိုက်ကူညီပေးတဲ့ သူတွေကို စာတွေဘာတွေပြတယ်၊ ကိုအောင်မှိုင်းဆန်းတို့ ၇ ယောက်က အဲ့နေ့မှာပြန်ဆင်းသွားရတာ"


သာယာဝတီထောင်ကို ပြန်ပို့လိုက်တဲ့ ကျောင်းသားတွေထဲမှာ ရောဂါသက်သာသူတွေရှိပေမဲ့ အများစုဟာ ဆေးရုံမှာထားရှိပြီး စောင့်ကြည့်ရမယ့် အခြေအနေမှာ ရှိနေသူတွေဖြစ်တယ်လို့ ကိုမင်းသွေးသစ်က ပြောပါတယ်။

ဒါ့အပြင် ကျောင်းသားတွေကို ပြန်ပို့ချိန်ဟာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ရန်ကုန်ဆေးရုံကြီးကို လာရောက်မယ်ဆိုတဲ့ သတင်းနဲ့ဆက်စပ်မူရှိတယ်လို့ ဆိုပါတယ်။

ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org