သဲကုန်းမှာ ဆန္ဒပြ လယ်သမား ခေါင်းဆောင်တွေကို တရားစွဲဆို
ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်မှာ သိမ်းဆည်းခံထားရတဲ့ လယ်မြေဧက ငါးထောင်ကျော်ကို ပြန်ပေးဖို့အတွက် ဒေသခံလယ်သမား ၅၀ လောက် သပိတ်စခန်းဖွင့် ဆန္ဒပြနေရာမှာ အဲဒီသပိတ်စခန်းကို ဦးဆောင်တဲ့ လယ်သမား ၃ ယောက်နဲ့ အကူအညီပေးနေသူ ၁ ဦး၊ စုစုပေါင်း ၄ဦးကို တရားမဝင် စီတန်းလှည့်လည်ခြင်း ပုဒ်မ ၁၈ နဲ့ သဲကုန်းမြို့နယ် ရဲစခန်းက ဒီနေ့ တရားစွဲလိုက်ပါတယ်။
-
2014-02-12 -
-
-
ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်မှာ သိမ်းဆည်း ခံထားရတဲ့ လယ်မြေဧက ငါးထောင်ကျော်ကို ပြန်ပေးဖို့ အတွက် ဒေသခံလယ်သမား ၅၀ လောက် သပိတ်စခန်း ဖွင့် ဆန္ဒပြနေရာမှာ အဲဒီသပိတ်စခန်းကို ဦးဆောင်တဲ့ လယ်သမား ၃ ယောက်နဲ့ အကူအညီပေးနေသူ ၁ ဦး၊ စုစုပေါင်း ၄ဦးကို တရားမဝင် စီတန်းလှည့်လည်ခြင်း ပုဒ်မ ၁၈ နဲ့ သဲကုန်းမြို့နယ် ရဲစခန်းက ဒီနေ့ တရားစွဲ လိုက်ပါတယ်။
မနေ့ကစပြီး ဒေသခံ လယ်သမား ၅၀ လောက်ဟာ သဲကုန်းမြို့ပေါ်မှာ သပိတ်စခန်းဖွင့်လှစ် တောင်းဆိုနေ တာဖြစ်ပြီး လယ်မြေတွေပြန်မရမချင်း ဆက် လက်တောင်းဆိုသွားမယ်လို့ တရားစွဲခံရတဲ့တောင်သူ ကိုပေါက်စက ပြောပါတယ်။
“ကျနော်တို့ လယ်ယာမြေတွေ ပြန်မရမခြင်း ဒီသပိတ်စခန်းကို နောက်မဆုတ်ပေးနိုင်ဘူး၊ ကျနော်တို့ကို ပုဒ်မ ၁၈ နဲ့ဖမ်းလည်း ကျနော်တို့က ဆက်လုပ်သွားမယ်လို့ သူတို့ကို တောင်းဆိုထားပါ တယ်၊ မနေ့က ရဲအုပ်က ကျနော်တို့ကို ဆရာတော်ကြီးရဲ့ တရားပွဲရှိနေတဲ့အတွက် နောက်ဆုတ်ခိုင်း တယ်၊ ကျနော်တို့ နောက်မဆုတ်နိုင်ဘူး၊ သပိတ်စခန်းက တောင်သူတွေ လယ်ယာမြေ ပြန်မရ မချင်း နောက်မဆုတ်ဘူးလို့ ကတိပေးထားပါတယ်”
သဲကုန်းမြို့နယ် အောင်ကုန်း၊ သင်တော၊ ကဇွန်းအင်း၊ ယင်းတိုက်တန်းနဲ့ နှောကုန်းကျေးရွာတွေက လယ်မြေဧက ငါးထောင်ကျော်ကို တပ်မ ၆၆ လက်အောက်ခံ ခလရ ၈၀ က ၂၀၀၀ ခုနှစ်အတွင်း သိမ်းဆည်းခဲ့တာဖြစ်တယ်လို့ လယ်သမားတွေက ပြောပါတယ်။ အဲဒီအထဲက ဧက တစ်ထောင်ကျော်ကို ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးကို ငါးမွေးမြူရေးလုပ်ငန်းအတွက် စစ်တပ်က ငှားရမ်းထားတယ်လို့လည်း သိရပါတယ်။