အမေရိကန်ရောက် မြန်မာလူငယ်တွေကို မြန်မာစီးပွားရေးလုပ်ငန်းရှင် ဟောပြောအားပေး

အမေရိကန် ပြည်ထောင်စုရောက် မြန်မာ ကျောင်းသားလူငယ်တွေ မိမိတို့ရဲ့ နိုင်ငံသား အခွင့်အရေးအပေါ် အခြေခံတဲ့ တိုးတက်အောင်မြင်မှုတွေ ဖော်ဆောင်နိုင်ဖို့ ဟောပြောပွဲတရပ်ကို အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ ပါဒူးတက္ကသိုလ်မှာ မနေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

သမ္မတအိုဘားမားက အမေရိကန် ပြည်ထောင်စုမှာ အောင်မြင်နေတဲ့ အသေးစား ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ဂုဏ်ပြုချီးမြှင့်တဲ့ပွဲကို တက်ရောက်ခွင့်ရခဲ့သူ မြန်မာ စီးပွားရေးလုပ်ငန်းရှင် ဦးဖိလစ်မောင်က မြန်မာ ကျောင်းသားလူငယ်တွေနဲ့ တွေ့ဆုံပြီး သူ့ရဲ့ ဘဝ အတွေ့အကြုံတွေကို ဟောပြော ရှင်းလင်းပြတာဖြစ်ပါတယ်။

ပြည်ပရောက် မြန်မာလူငယ်တွေ အနေနဲ့ ရရှိထားတဲ့ နိုင်ငံသားအခွင့်အရေးနဲ့ ပညာ အခွင့်အလမ်းတွေအပေါ် အားကျ အတုယူစေချင်တဲ့ ရည်ရွယ်ချက်နဲ့ အခုလို ဟောပြောပွဲ ကျင်းပတာဖြစ်ကြောင်း ဦးဆောင် စီစဉ်သူဖြစ်တဲ့ အင်ဒီယားနား တက္ကသိုလ်- ပါဒူးတက္ကသိုလ် ရွှေ့ပြောင်းအခြေချ နေထိုင်သူများ အသိပညာပေးရေးဌာန ညွှန်ကြားရေးမှူး ဦးကျော်သိန်းစိုးက ပြောပြပါတယ်။

ဒီအခမ်းအနားကို အမေရိကန် ကျောင်းသားလူငယ်တွေ၊ ဖို့ဝိန်းမြို့ရောက် မြန်မာနိုင်ငံသားတွေ စုစုပေါင်း ၂ ရာကျော် တက်ရောက်တယ်လို့ ဆိုပါတယ်။

ဦးဖိလစ်မောင်ဟာ အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနား ပြည်နယ်မှာ ရှိတဲ့ Hissho Sushi ကုမ္ပဏီ ပိုင်ရှင် ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု ပြည်နယ်ပေါင်း ၂၈ ပြည်နယ်မှာ သူ့ရဲ့ ဆူရှီကုမ္ပဏီခွဲပေါင်း ၄ ရာကျော် ရှိသွားပြီလို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org