မစုစုနွေးကို ပထမဆုံးအကြိမ် ရုံးထုတ်


2015.07.29
susunway-pegu-620.jpg မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂအဖွဲ့ ဥက္ကဌ မစုစုနွေးကို ဇူလိုင်လ ၂၉ ရက်နေ့က အင်းတကော် မြို့နယ်တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်လာစဉ်
Photo: Kyaw Kyaw Htwe Facebook

ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ နဲ့ ပဲခူး အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရ တဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမား သမဂ္ဂအဖွဲ့ချုပ် ဥက္ကဌ မစုစုနွေးကို အင်းတကော် မြို့နယ် တရားရုံးမှာ ဒီနေ့ ပထမဆုံးအကြိမ် ရုံးထုတ်ပြီး တရား လိုဖြစ်တဲ့ ဗိုလ်ကြီး ဟိန်းဇော်ကို စတင်စစ်ဆေးခဲ့ပါတယ်။

မစုစုနွေးဟာ ပိုင်နက်ကျူးလွန်ပါတယ်လို့ တရားလိုဘက်က သက်သေမပြနိုင်ကြောင်း တရားရုံးကို သွားရောက်ခဲ့တဲ့ မစုစုနွေးရဲ့ခင်ပွန်း ကိုမာကီးက ပြောပါတယ်။

"အပြန်အလှန်မေးခွန်းတွေမေးရာမှာ မစုစုနွေးက သူတို့ပိုင်တဲ့မြေထဲကို ကျုးကျော်တယ်ဆိုတဲ့ အထောက် အထားတွေ ဘာမှတင်ပြထားနိုင်တာမရှိဘူး၊ သူကတော့ မျက်မြင်သက်သေရှိပါတယ်ပြောတယ်၊ လောလော ဆယ် အဲ့သက်သေ ကလည်း ဘာမှ တင်ပြနိုင်ခြင်းမရှိသေးဘူး၊ တရားလိုဘက်က ဓါတ်ပုံတွေပြတာ ရှိတယ်၊ နှစ်ပုံလုံးမှာ မစုစုနွေးလည်း မပါဘူး၊ မစုစုနွေးလည်း မဟုတ်ဘူး၊ မစုစုနွေး ကျုးလွန်တယ်ဆိုတာကို သူမှာဘာအထောက်အထားမှ တရားရုံးကို တင်ပြနိုင်ခြင်းမရှိဘူး၊ ရုံးချိန်းကို ၆ ရက်နေ့ ပြန်ချိန်းလိုက်တယ်"

အဲဒီအမှုအတွက် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဥပဒေ အကြံပေး ဒေါ်သီတာအေး ၊ ဒေါ်ဥမ္မာခင် နဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမား သမဂ္ဂက ရှေ့နေ ဦးကျော်စွာထွန်းတို့က လိုက်ပါဆောင်ရွက်ပေး တာဖြစ်ပါတယ်။

ဒီနေ့ ရုံးချိန်းမှာ အင်းတကော်မြို့နယ်က လယ်သမား ၅ဝ လောက်က မစုစုနွေးကို ပြန်လွှတ်ပေးဖို့ တရားရုံးရှေ့မှာ တောင်းဆိုခဲ့ကြပါတယ်။

မစုစုနွေးဟာ မနှစ်က အင်းတကော်မြို့နယ် သာယာကုန်းကျေးရွာအုပ်စု အလံကွဲ၊ ရွှေလေး၊ ဂုံညှင်းတန်း ၊ ကျောက်ကုန်း၊ ကဲျွဒညင်းကုန်းနဲ့ မြေနီကုန်း စတဲ့ ကျေးရွာ ၉ ရွာမှာ အမှတ် ၁ ခဲယမ်းမီးကျောက်တပ်က သိမ်းဆည်းထားတဲ့ လယ်ယာမြေတချို့ပေါ်မှာ ဒေသခံလယ်သမားတွေနဲ့ ဝင်ရောက်ထွန်ယက်ခဲ့တာကြောင့် ခဲယမ်းမီးကျောက်တပ်က ဗိုလ်ကြီး ဟိန်းဇော်က ပုဒ်မ ၄၄၇ နဲ့ တရားစွဲဆိုတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။