တိုင်းရင်းသားများ၏ ပူးပေါင်းကူညီမှု အရေးကြီးပုံ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

လူ့ အခွင့်အရေး အပြည့်အဝ ရှိတဲ့ နိုင်ငံဖြစ်ဖို့ အတွက် မြန်မာနိုင်ငံဟာ ငြိမ်းချမ်းဖို့ လိုကြောင်း၊ အဲ ဒီလို ဖြစ်လာအောင် တိုင်းရင်းသား လူမျိုးစုတွေရဲ့ ပူးပေါင်း ကူညီမှု လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ မတ်လ ၁၀ ရက်မှာ ပြောကြားလိုက်ပါတယ်။

မြန်မာ့ လွတ်လပ်ရေးအတွက် အရေးပါသော ခြေလှမ်းတရပ်အဖြစ် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်က ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် ဗိုလ်ချုပ် အောင်ဆန်း (ဝဲမှ ဒုတိယ) နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ပင်လုံသဘောတူညီချက်ကို လက်မှတ်ရေးထိုးနေသည့် သရုပ်ဖော် ပန်းချီ ဖြစ်ပါသည်။ (RFA) (RFA)
ရန်ကုန်မြို့ NLD ပါတီ ရုံးချုပ်မှာ ပြုလုပ်တဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းက စည်းရုံးရေး ကော်မတီဝင်တွေနဲ့ NLD ဗဟိုကော်မတီဝင်များ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တာပါ။ တိုင်းပြည် မငြိမ်းချမ်းတာကြောင့် စစ်တပ်ကြီးစိုးမှု ဖြစ်လာတာလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ပြည်တွင်း ငြိမ်းချမ်းရေး မရှိလို့ ရှိရင် ဒီမိုကရေစီ ထိခိုက်ပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံ သမိုင်းမှာလည်း ပြည်တွင်း ငြိမ်းချမ်းရေး မရှိတဲ့အခါကျတော့ တပ်မတော်က ကြီးစိုးလာတာ တွေ့ရပါတယ်။ ဒါကတော့ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ကိစ္စပါ။ အဲဒီတုန်းကဆိုရင် နောက်အကျိုးဆက်တွေကတော့ တပ်မတော် အစိုးရတွေ ပေါ်လာတဲ့ ကိစ္စပါ။ ကျွန်မအနေနဲ့ ဒီလိုပဲ မြင်ပါတယ်။”

ဆက်လက်ပြီး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ပြည့်ဝတဲ့ နိုင်ငံဖြစ်ဖို့ တိုင်းပြည် ငြိမ်းချမ်းဖို့ လိုတယ်လို့ ပြောကြောင်း ပါတီပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပြပါတယ်။

“အဲဒီလို ဒုတိယ ပင်လုံညီလာခံ ကျင်းပဖို့ အဖွဲ့ချုပ်က ကြိုးပမ်းနေတဲ့ အချိန်မှာ တိုင်းရင်းသားများရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အလွန် အရေးကြီးတဲ့အကြောင်း ဗမာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံဖြစ်ဖို့၊ လူ့အခွင့်အရေး အပြည့်အဝ ရတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်ဖို့ ဆိုရင်တော့ တိုင်းပြည်မှာ အေးချမ်းငြိမ်သက်တဲ့ ငြိမ်းချမ်းမှုဟာ ရှိဖို့ လိုအပ်တဲ့အကြောင်း အဲဒါကို အလေးအနက် ထားပြီးတော့ အဖွင့်မိန့်ခွန်း ပြောကြားပါတယ်။”

ဒီကနေ့ ဆွေးနွေးပွဲမှာ ကရင်ပြည်နယ်က ၆ မြို့နယ် မွန်ပြည်နယ် ၁၀ မြို့ နယ်နဲ့ တနင်္သာရီတိုင်း ၈ မြို့နယ်တို့က စည်းရုံးရေး ကော်မတီဝင်တွေ စုစုပေါင်း ၇၀ လောက် တက်ရောက်ကြတယ်လို့ သိရပါတယ်၊

ဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး RFA မှ ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org