အီဂျစ်လူထု အုံကြွမှုကို ဒေါ်အောင်ဆန်းစုကြည် စိတ်ဝင်စား
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အီဂျစ်နိုင်ငံက အစိုးရဆန့်ကျင်ရေး လူထုအုံကြွမှုနဲ့ ပတ်သက်လို့ လွတ်မြောက်ရေးကို လိုလားသူအားလုံး အီဂျစ်ပြည်သူတွေဘက်က ရပ်တည်နေပါတယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
-
2011-02-02 -
-
-
အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တော်ရှိ လမ်းမတခုပေါ်တွင် စီတန်း ရပ်နေသော တင့်ကားများ ပတ်လည်တွင် ဆန္ဒပြ လူအုပ်ကို ဆန္ဒပြပွဲများ ၆ ရက်မြောက် ဇန်နဝါရီ ၃၀ ရက်က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
BBC သတင်းဌာနရဲ့
အင်္ဂလိပ်ပိုင်း အစီအစဉ် ဆက်သွယ် မေးမြန်းခန်းမှာ အီဂျစ်နိုင်ငံက လူထုအုံကြွမှုဟာ သူ့အတွက်
တော်တော့်ကို စိတ်ဝင်စားစရာကောင်းတဲ့ အခြေအနေ ဖြစ်တယ် ၊ အီဂျစ်ပြည်သူတွေအနေနဲ့ ခေါင်းအေးအေးနဲ့
ဆက်လက်ပြီး ခိုင်ခိုင်မာမာ ရပ်တည်ကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
သောတရှင်တဦးရဲ့ မေးခွန်းကို ဖြေကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်က အီဂျစ်နိုင်ငံမှာ ဖြစ်ပျက် နေတာမျိုးဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် အကောင်းဆုံး နည်းလမ်းလို့တော့ မပြောနိုင်ကြောင်း၊ အပြောင်းအလဲ ဖော်ဆောင်နိုင်ဖို့ နည်းလမ်းတခုသာ ဖြစ် ကြောင်း ၊ ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံမှာ ရွေးချယ်စရာ နည်းလမ်းတွေ မကုန်ဆုံးသေးတဲ့အတွက် ဖြစ်ကြောင်း ပြောကြားသွားပါတယ်။
လွတ်လပ်မှုကို လိုလားတဲ့ ကမ္ဘာ့ပြည်သူအားလုံး၊ ဒါမှမဟုတ် လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေတဲ့ ပြည်သူအားလုံးက အီဂျစ်နိုင်ငံက တိုက်ပွဲဝင် လူထုဘက်ကနေ ရပ်တည်နေကြောင်း၊ ပြည်သူတွေအနေနဲ့ အာဏာရှင်အစိုးရတွေအပေါ် နှစ်ကာလ ကြာမြင့်လာရင် စိတ်ကုန်ခမ်းလာတာ ဓမ္မတာဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။