၂၀၁၀ သတင်းကောင်းများမှာ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်မှုပါဝင်

၂၀၁၀ ပြည့်နှစ်အတွက် သတင်းကောင်းတွေထဲမှာ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ သတင်းပါဝင်ခဲ့ပေမဲ့ မြန်မာနိုင်ငံက ရွေးကောက်ပွဲမှာ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်နဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ အသင်းအဖွဲ့ ဖွဲ့စည်းခွင့် ကန့်သတ်ခဲ့သလို နိုင်ငံရေး အကျဉ်းသား ၂ ထောင်ကျော်ကို ဆက်ပြီး ဖမ်းဆီး ချုပ်နှောင်ထားဆဲ ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး AI က မေလ ၁၃ ရက် ဒီကနေ့ ထုတ်ဖော် ပြောကြားပါတယ်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (ရှေ့ဆုံး) အကျယ်ချုပ်မှ လွတ်မြောက်သည့် နိုဝင်ဘာ ၁၃ ရက်က စောင့်မျှော်နေသော လူထုကို နှုတ်ဆက်ရန် နေအိမ်ခြံဝသို့ သွားရောက်နေပုံ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

ဒီကနေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ၂၀၁၁ ခုနှစ် နှစ်စဉ် ကမ္ဘာ့ လူ့အခွင့်အရေး အစီရင်ခံစာမှာ ဗြိတိန်အခြေစိုက် AI အဖွဲ့က အခုလို ရေးသားထားတာ ဖြစ်ပြီး မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့ကြောင်း၊ တိုင်းရင်းသား အတိုက်အခံတွေကို ဖိနှိပ်တာနဲ့ နေရပ် အတင်းအကျပ် ပြောင်းရွှေ့တာတွေ ရှိခဲ့ကြောင်း အစီရင်ခံစာက ရေးပါတယ်။

အခုနှစ်ဟာ AI အဖွဲ့ကြီး တည်ထောင်တာ အနှစ် ၅၀ ပြည့်တဲ့ အချိန်အခါဖြစ်ပြီး ပြီးခဲ့တဲ့နှစ်အတွင်း အာရပ်နဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေက လွတ်လပ်ခွင့်နဲ့ တရားမျှတရေး တောင်းဆို ဆန္ဒပြမှုတွေဟာ လူ့အခွင့်အရေးအတွက် အပြောင်းအလဲကြီး ဖြစ်ခဲ့ကြောင်း အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ဒီအပြောင်းလဲဟာ ဓားဖျားပေါ်မှာ တည်ရှိနေတဲ့ ပြောင်းလဲမှုဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ ဒီအပြောင်းအလဲဟာ လူ့အခွင့်အရေး လှုပ်ရှားမှုအတွက် ကျဆုံးသွားစေနိုင်မဲ့ အပြောင်းအလဲ မဖြစ်ဖို့ အကြောင်းလည်း AI အဖွဲ့ကြီးက သတိပေးထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org