နယ်ခရီးစဉ် မကြာခင်စတင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လာမဲ့လ အနည်းငယ်အတွင်း ရန်ကုန်တိုင်း ပြင်ပကို စည်းရုံးရေး ခရီးစဉ်တွေ စတင်တော့မှာ ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ ၂၀ဝ၂ ခုနှစ် ဒီဇင်ဘာလ စည်းရုံးရေးခရီးစဉ်တခုအတွင်း မိန့်ခွန်းပြောကြားစဉ် တက်ရောက်လာသော လူထု တစိတ်တဒေသကို တွေ့မြင်ရသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

“ဒီတခါ အကျယ်ချုပ်က လွတ်ပြီးတဲ့ အချိန်မှာ အရင်အချိန်တွေကထက် အလွန်ကို ပိုပြီးတော့ များပြားလှတဲ့ အလုပ်တာဝန်တွေနဲ့ပဲ ပိနေပါတယ်။ ရုံးနဲ့ အိမ်နဲ့ အလုပ်နဲ့ဆိုင်တဲ့ ကိစ္စတွေနဲ့ပဲ ရန်ကုန်တွင်းမှာ သွားလာနေရတာ အချိန်ပြည့်ပါပဲ။ လအနည်းငယ် ကြာရင်တော့ ခရီးထွက်ဖို့ စပြီးတော့ လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။”

RFA က အပတ်စဉ်ထုတ်လွှင့်နေတဲ့ `လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်`အစီအစဉ်အတွက် ချင်းတိုင်းရင်းသားတဦးရဲ့ အမေးကို ဖြေဆိုရာမှာ ဒေါ်အောင်ဆန်းစုကြည်က ခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျနေစဉ်ကာလအတွင်း NLD ပါတီက ထုတ်ပယ်ခံထားရသူတွေနဲ့ ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ ရဟန်းတော်များအဖွဲ့ချုပ်က ဆရာတော်တပါးရဲ့ မေးမြန်းချက်ကို ဖြေကြားရာမှာတော့ ဒီမိုကရေစီကျင့်စဉ်တွေကို တန်ဖိုးထား လိုက်နာသူတွေကို ပြန်လည် လက်တွဲမှာ ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

“တပည့်တော်မ ကိုယ်တိုင်က ပါတီက အထုတ်ပယ် ခံခဲ့ရဖူးပါတယ်ဘုရား။ ဒါပေမဲ့လည်း အဖွဲ့ချုပ်အပေါ်မှာ သစ္စာစောင့်စည်းခဲ့ပြီး အကျယ်ချုပ်က ၁၉၉၅ ခုမှာ ပြန်လွတ်လာတော့ ပြန်ပြီး အဖွဲ့ချုပ်က တာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ် ဘုရာ့။ ဒါကြောင့် တပည့်တော်မတို့က ဒီမိုကရေစီ စံနှုန်းထားတွေနဲ့ ဒီမိုကရေစီ ကျင့်စဉ်တွေကို တန်ဖိုးထားပြီး လုပ်ဆောင်တဲ့သူတွေကို ပြန်လည် လက်တွဲ ပူးပေါင်းဖို့ ဝန်မလေးပါဘူး ဘုရား။

အပြည့်အစုံကိုတော့ RFA က ထုတ်လွှင့်တဲ့`လူထုနဲ့ဒေါ်အောင်ဆန်းစုကြည်`အစီအစဉ်မှာ နားထောင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org