အကျဉ်းသား လွတ်မြောက်ရေး လက်မှတ်များ သမ္မတ ဦးသိန်းစိန်ထံပို့
နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် လက်မှတ်ရေးထိုး တောင်းဆိုလှုပ်ရှားမှုအရ မြန်မာနိုင်ငံတဝန်းက ကောက်ခံရရှိထားတဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုတဲ့ လက်မှတ်ပေါင်း ၆,၀၀၀ ကို ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က နေပြည်တော်ရှိ သမ္မတ ဦးသိန်းစိန်ရုံးထံ မေလ ၁၃ ရက် ဒီကနေ့ ပို့လိုက်တယ်လို့ သိရပါတယ်။
-
2011-05-13 -
-
-
ဒီလက်မှတ်များ ကို တာဝန်ယူ ကောက်ခံနေတဲ့ ကိုတိုးကျော်လှိုင်က အခုလို ပြောပါတယ်။
“ပို့တော့ ကျွန်တော်တို့က ရန်ကုန် စာတိုက်ကြီးကနေပြီးတော့ အမြန်ချောဌာန ရှိတယ်ဗျာ။ အဲဒီ အမြန်ချောဌာနမှာ ဒီနေ့ကျတော့ လက်မှတ် အားလုံးပေါင်း ၆,၀၀၀ ဆိုတော့ စာ အေဖိုး တမျက်နှာကို ၁၂ ယောက်စာ လက်မှတ် ပြင်ထားတာလေ။ ပြင်ထားတာ ဆိုတော့ လက်မှတ် ၆,၀၀၀ ဆိုတော့ အားလုံးပေါင်း အေဖိုး ရွက်ရေ ၅၀၀ တထုပ်စာပေါ့နော်။ ၅၀၀ တထုပ်စာ ကျွန်တော်တို့ သွားတင်တယ်။ သွားတင်တဲ့အခါကျတော့ သူက စာအနေနဲ့ မရဘူးပေါ့။ ပါဆယ်ထုပ်အနေနဲ့ ထုပ်ပြီးတော့ ချောနဲ့ ကျွန်တော်တို့ သွားတာပေါ့။ အမြန်ချောပါဆယ်ပေါ့နော်။”
ကောက်ခံရရှိထားတဲ့ လက်မှတ်တွေဟာ သောင်းဂဏန်း ရှိနေပေမဲ့ လက်မှတ်ရေးထိုးသူတွေ နှစ်ကြိမ် သုံးကြိမ် မထပ်စေရအောင် အသေအချာ ပြန်လည်စိစစ်နေရတဲ့အတွက် အားလုံးကို တပြိုင်နက်တည်း ပို့ဖို့ အခက်အခဲ ရှိတယ်လို့လည်း ဆက်ပြောပါတယ်။
“ပြန်ပြီးတော့ စိစစ်ရတာတွေ ရှိတယ်ဗျာ။ အဓိက စိစစ်တယ်ဆိုတာ တော်တော် တရွက်ချင်းကို စိစစ်ရတယ်။ ဥပမာ လူတယောက်ထဲကို နှစ်ခါထိုးလိုက်တာမျိုး ဖြစ်တာမျိုးတွေလည်း တွေ့ရတယ်လေ။ အဲဒါမျိုးတွေကျရင် ကျွန်တော်တို့က ပြန်ဖယ်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့အပေါ်မှာ ထောက်စရာ ဖြစ်မှာစိုးလို့။ ပြီးတဲ့အခါကျတော့မှ ကျွန်တော်တို့က ပြန်ပြီးတော့ နံပါတ်စဉ်တွေ ရေးထိုးရတယ်ဆိုတော့ ဒီဖက်ပိုင်းမှာလည်း တော်တော်လေး ပြန်ပြီးတော့ လုပ်ယူရတာ ရှိတယ်လေ။”
ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့က လက်မှတ်ပေါင်း ၄၀၈ ခု ပို့ခဲ့ပြီး ဖြစ်တဲ့အတွက် ဒီတကြိမ်နဲ့ ဆိုရင် သမ္မတ ဦးသိန်းစိန် ရုံးထံ ပို့ခဲ့ပြီးတဲ့ လက်မှတ်ပေါင်း ခြောက်ထောင်လေးရာကျော် ရှိသွားပြီ ဖြစ်ပါတယ်။