အချိန်ပြည့် ကုလကိုယ်စားလှယ်ခန့်ရေး ဒေါ်အောင်ဆန်းစုကြည် လိုလား
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချိန်ပြည့် အထူးကိုယ်စားလှယ်တဦး ထားရှိဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လိုလားကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယားက လုံခြုံရေးကောင်စီကို အစီရင်ခံ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
-
2011-05-20 -
-
-
မေလ ၁၃ ရက် ပြီးခဲ့တဲ့ သောကြာနေ့မှာ မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာသွားတဲ့ မစ္စတာ နမ်ဘီးယားက မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး မနေ့က လုံခြုံရေးကောင်စီမှာ တံခါးပိတ် အစီရင်ခံရာမှာ အခုလို ပြောကြားခဲ့တာဖြစ်ကြောင်း PTI အိန္ဒိယသတင်းဌာနက ဖော်ပြပါတယ်။
အိန္ဒိယ သံအရာရှိတဦးကို ကိုးကားပြီး PTI သတင်းဌာနက ဆက်လက် ရေးသားထားရာမှာ ရွေးကောက်ပွဲအလွန် မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်လို့ မစ္စတာနမ်ဘီးယားရဲ့ သုံးသပ်ချက်ဟာ အတော်ကလေး အပြုသဘောဆောင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် ပြုပြင်ပြောင်းလဲရေး လုပ်မယ်ဆိုတဲ့ ကတိတွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ လိုအပ်ကြောင်း မစ္စတာနမ်ဘီးယားက ပြောကြားခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါ့ပြင် မြန်မာအစိုးရက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တားနားကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပြုဖို့ ငြင်းဆန်ခဲ့တဲ့ ကိစ္စကိုလည်း လုံခြုံရေးကောင်စီမှာ မနေ့က ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ မစ္စတာ ကင်တားနားဟာ မြန်မာ နိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းဖို့ ကုလ သမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို တောင်းဆိုထားတာပါ။
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာဖို့အတွက် ထိတွေ့ဆက်ဆံတဲ့ နည်းလမ်းဟာ ပိုပြီး အကျိုး သက်ရောက်မှု ရှိနိုင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယသံတမန်က လုံခြုံရေးကောင်စီ မှာ အကြံပြု ဆွေးနွေး ခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။