ဒီပဲယင်းနဲ့ ရေဦးမြို့နယ်က စစ်ဘေးဒုက္ခသည်တစ်သောင်းခန့် နေရပ်ပြန်မရဘဲ ရိက္ခာပြတ်လပ်နေ
ဒီပဲယင်းနဲ့ ရေဦးမြို့နယ်ထဲက စစ်ဘေးဒုက္ခသည်တစ်သောင်းခန့် နေရပ်မပြန်နိုင်ဘဲ စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ကြုံနေရတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးသူတွေက ပြောပါတယ်။
-
RFA Burmese
2023-11-18 -
-
-
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းနဲ့ ရေဦးမြို့နယ်ထဲက ရွာတွေမှာ စစ်ကောင်စီတပ်တွေ အထိုင်ချတပ်စွဲထားလို့ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်တစ်သောင်းခန့် နေရပ်မပြန်နိုင်ဘဲ စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ကြုံနေရတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးသူတွေက ပြောပါတယ်။
ဒီပဲယင်းမြို့နယ်ထဲက ပျော်ဘွယ်၊ အောင်ချမ်းသာ၊ ရွာရှည်နဲ့ ရေဦးမြို့နယ်ထဲက မုတ်စီ၊ မစိုးရိမ်၊ မဲအိုး စတဲ့ရွာတွေ အပါအဝင် ဒီပဲယင်းနဲ့ ရေဦးမြို့နယ်အစပ် ရွာဆယ်ရွာက ဒေသခံတစ်သောင်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးရတာ ဆယ်ရက်နီးပါးရှိလာပြီလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ နိုဝင်ဘာ ၁၈ ရက်ဒီနေ့အထိ ရေဦးမြို့နယ် မုတ်စီရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အပြင် ရေဦးမြို့နယ် အနောက်ဘက်အခြမ်းကရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့တာဝန်ခံ ကိုဖြိုးကတော့ စစ်ဘေးဒုက္ခသည်တွေ နေရပ်စွန့်ခွာထွက်ပြေးရတာ အချိန်ကြာလာတာနဲ့အမျှ စားနပ်ရိက္ခာလိုအပ်ချက်ရှိပြီး တချို့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာပြတ်လပ်နေပြီလို့ RFA ကို ပြောပါတယ်။
“စစ်ကြောင်းအထိုင်ချထားတဲ့ နေရာနဲ့ဝေးရာ ရွာတွေမှာ စစ်ဘေးရှောင်တွေ သွားနေကြတာ။ တချို့ စစ်ရှောင် စခန်းတွေဆို ရိက္ခာပြတ်လပ်လာပြီ။ တစ်ပတ်ကျော်လာတော့လည်း စစ်ဘေးရှောင်တွေ လက်ခံထားရတဲ့ ရွာတွေလည်း အခက်အခဲဖြစ်လာတာပေါ့။ အဲဒီအတွက်တော့ အကူအညီလိုအပ်နေတာရှိတယ်”
ဒီပဲယင်းနဲ့ ရေဦးမြို့နယ် အစပ်ကြားမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်အကြား ပြီးခဲ့တဲ့ ရက်က တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးရေးနဲ့ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှုးရုံး (UN OCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးရသူ ရှစ်သိန်းကျော် (၈၁၃,၅၀၀) ရှိနေပြီဖြစ်ပါတယ်။