ဒီပဲယင်းက ပရဟိတသမားတစ်ယောက် မုံရွာမှာ အဖမ်းခံထားရ

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ နိုဝင်ဘာလ ၁၄ ရက်နေ့လယ်ပိုင်းက ပရဟိတသမား တစ်ယောက်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံလိုက်ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့လယ်တစ်နေရာကို ၂၀၂၁၊ ဧပြီ ၁၄ ရက်နေ့က တွေ့ရစဉ် Photo: CJ

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ နိုဝင်ဘာလ ၁၄ ရက်နေ့လယ်ပိုင်းက ပရဟိတသမားတစ်ယောက်ဟာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံလိုက်ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မနေ့ကနေ့လယ်ပိုင်းမှာ ဒီပဲယင်းမြို့နယ် ဝပါရွာက ဖောင်တော်ဦး ပရဟိတအဖွဲ့ဝင် ကိုကျော်မျိုးထွဏ်း (ခ) မောင်တုတ်ဟာ မုံရွာမြို့ကို လူနာသွားပို့ရင်း ဖမ်းဆီးခံလိုက်ရတာလို့ အဲဒီဒေသခံက ဆိုပါတယ်။

"သူက ကိုယ်ဝန်ဆောင် လူနာကို သွားပို့တာ ဆေးခန်းသွားပြတာ။ မုံရွာမှာ အဖမ်းခံလိုက်ရတယ်။ လူနာတော့ ပြန်လွတ်တယ် ကြားတယ်"

မုံရွာမြို့အဝင် အဝိုင်းမှာ ကိုကျော်မျိုးထွဏ်းနဲ့ ပရဟိတကားကိုပါ ဖမ်းဆီးထားလိုက်တာဖြစ်ပြီး လူနာကိုတော့ ပြန်လွှတ်ပေးလိုက်တယ်လို့ ပြောပါတယ်။

အသက် ၄၂ နှစ်အရွယ် ကိုကျော်မျိုးထွဏ်းကို ဘာကြောင့်ဖမ်းဆီးထားတယ်၊ ဘယ်မှာဖမ်းထားတယ်ဆိုတာကို မသိရသေးဘဲ မိသားစုဝင်တွေကလည်း စိုးရိမ်ပြီး စုံစမ်းဖို့အတွက် မုံရွာမြို့ကို လိုက်သွားဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး RFA က သီးခြားအတည်ပြုနိုင်ရေးကို ဆက်ပြီးစုံစမ်းနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်အတွင်းကလည်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲမှာ ဘုန်းကြီးကားမောင်းတဲ့ ယာဉ်မောင်း တစ်ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org