အရပ်သား ငါးဦးကို ရက်စက်စွာ သတ်ဖြတ်မှု NUG ရှေ့နေအဖွဲ့ချုပ် ရှုတ်ချ

ဒီပဲယင်းမြို့နယ် မဲအိုးကျေးရွာက NUG မြို့နယ်ဥပဒေတာဝန်ခံ ဒေါ်ခင်နှင်းထွေး အပါအဝင် အရပ်သား ငါးဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့အပေါ် ပြည်သူ့ ရှေ့နေများသမဂ္ဂအဖွဲ့ချုပ်က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့က တွေ့ရစဉ်။ ဒီပဲယင်းမြို့နယ်ညီနောင်များ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် မဲအိုးကျေးရွာက အမျိုးသားညီညွတ်ရေးအစိုးရ NUG မြို့နယ်ဥပဒေတာဝန်ခံ ဒေါ်ခင်နှင်းထွေး အပါအဝင် အရပ်သား ငါးဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့အပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့ ရှေ့နေများသမဂ္ဂအဖွဲ့ချုပ်က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ဇန်နဝါရီ ၂၁ ရက်နေ့က ထုတ်ပြန်တဲ့ အဲဒီအဖွဲ့ရဲ့ ကြေညာချက်မှာ ဘီလူးစစ်ကြောင်းလို့ အမည်ပေးထားတဲ့ စစ်ကောင်စီတပ်က ဒေါ်ခင်နှင်းထွေး၊ ကိုဇော်ဝင်း၊ ကိုထွန်းနဲ့ ကိုအောင်မြတ်ကျော် အပါအဝင် အရပ်သား ငါးဦးကို ဦးခေါင်းနဲ့ ကိုယ်လက်၊ အင်္ဂါတွေကို ဖြတ်တောက်ပြီး ရက်စက်စွာ သတ်ဖြတ်သွားတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီစစ်ကြောင်းဟာ ဇန်နဝါရီ ၁၈ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းက မဲအိုးကျေးရွာကို စီးနင်းပြီး ဒေသခံ ၁၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ပြီး အဲဒီအထဲက ငါးဦးကို သတ်ဖြတ်ခဲ့တာပါ။

ဒီသတ်ဖြတ်မှုဟာ လူသားမျိုးနွယ်ဆိုင်ရာ အသက်ရှင်နေထိုင်ပိုင်ခွင့်ကို ရက်ရက်စက်စက် ချိုးဖောက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံ ရှေ့နေတစ်ဦးက ပြောပါတယ်။

"တက်လာတဲ့ပုံတွေကို ကြည့်လိုက်ရင် ခေါင်းတွေ၊ လက်တွေက တစ်စစီကို ပြန့်ကျဲနေတာပါ။ ဒီသတ်ဖြတ်မှုတွေဟာ အရက်စက်တကာ့ အရက်စက်ဆုံးပါပဲ။ ပြောရရင် လူသားမျိုးနွယ်ဆိုင်ရာ အသက်ရှင်နေထိုင်ခွင့်ကို စစ်တပ်က ကျူးလွန်ချိုးဖောက်နေတာပဲ"

စစ်ကောင်စီတပ်ဟာ သူတို့ကျူးလွန်မှုတွေအတွက် ပြည်သူ့အစိုးရ ပေါ်ပေါက်လာချိန်မှာ ထိုက်တန်တဲ့ ပြစ်ဒဏ်ကျခံစေရမယ်လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့ရှေ့နေများသမဂ္ဂအဖွဲ့ချုပ် ထုတ်ပြန်ချက်မှာတော့ လူမဆန်စွာ သတ်ဖြတ်ခံရသူတွေအတွက် တရားမျှတမှု ပြန်ရဖို့ စစ်အာဏာရှင် အမြစ်ပြတ်တဲ့အထိ ဆန့်ကျင်ရပ်တည်သွားမယ်လို့ ဖော်ပြထားပါတယ်။

ဒီသတ်ဖြတ်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။ ဒါပေမဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ သူ့ရဲ့စစ်တပ်ဟာ အရပ်သားတွေအပေါ် အကြမ်းဖက်တာတွေ မကျုးလွန်ဘူးလို့ မိန့်ခွန်းတွေမှာ မကြာခဏ ထည့်သွင်းပြောဆိုထားပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်တာအတွင်း နိုင်ငံတစ်ဝန်းက အရပ်သား ၄,၄၂၆ ဦး သတ်ဖြတ်ခံရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇန်နဝါရီ ၂၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org