ရှမ်းနီ အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ရုံးချုပ် မန္တလေးမြို့တွင် ဖွင့်လှစ်
တိုင်းလိုင် ခေါ် ရှမ်းနီ အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ ပါတီရုံးချုပ်ကို မန္တလေးမြို့ မဟာအောင်မြေ မြို့နယ်၊ (၆၆) လမ်းနဲ့ (၃၉) လမ်းထောင့်မှာ ဒီကနေ့ မနက်ပိုင်းက ဖွင့်လှစ်ခဲ့ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဝံသာနု ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
-
2012-09-05 -
-
-
တိုင်းလိုင်ပါတီ ရုံးချုပ်ဖွင့်ပွဲမှာ အချက် (၄) ချက်ပါတဲ့ သဘောထား ကြေညာချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး အဲဒီထဲက အချက်တချို့ကို ပါတီပြောရေးဆိုခွင့်ရှိသူ ဦးကျော်ညွန့်က RFA ကို အခုလို ပြောပြပါတယ်။
"ဒေသအတွင်း ထာဝရ ငြိမ်းချမ်းရေးရရှိရန်၊ နိုင်ငံတော် အစိုးရ၊ ဒေသခံ လက်နက်ကိုင်အဖွဲ့နှင့်အတူ ဒေသခံပြည်သူများ ပါဝင်သော သုံးပွင့်ဆိုင် တန်းတူ ရည်တူ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းများ ပြုလုပ်သွားရမည် ဖြစ်ပါသည်။ စစ်မှန်သော ပြည်ထောင်စုကြီး ပေါ်ပေါက်လာရေးအတွက် တိုင်းရင်းသားပေါင်းစုံ ပါဝင်သော ညီလာခံကြီး တစ်ရပ် ကျင်းပပြုလုပ်သွားရန် တိုင်းလိုင် ရှမ်းနီအမျိုးသားများ တိုးတက်ရေးပါတီက လိုလားပါသည်။ မိမိတို့၏ တိုင်းလိုင် လူမျိုးအမည်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်များ ရရှိရန်ဆောင်ရွက်သွားမည်"
တိုင်းလိုင် ခေါ် ရှမ်းနီ အမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေး ပါတီကို အခုနှစ်ဆန်းပိုင်းက စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း အထက်ပိုင်း ချင်းတွင်းမြစ်ရိုး တစ်လျှောက်၊ ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ် အောက်ပိုင်းမှာ ပျံ့နှံ့နေထိုင်ကြတဲ့ ရှမ်းနီ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ တိုးတက် ရရှိလာအောင် ဆောင်ရွက်ဖို့ ရည်ရွယ် တည်ထောင်ခဲ့တာလို့ သိရပါတယ်။
လောလောဆယ် ပါတီဝင်အဖြစ် လျှောက်ထားသူတွေ ထောင်နဲ့ချီ ရှိနေပြီး ရှမ်းနီလူမျိုးတွေရှိရာ မြို့နယ် ၂၇ မြို့နယ်လောက်မှာ ပါတီရုံးခွဲတွေ ဆက်လက် တိုးချဲ့ဖွင့်လှစ်သွားဖို့ စီစဉ်ထားတယ်လို့လည်း တိုင်းလိုင် ခေါ် ရှမ်းနီ အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။