ရှမ်းဒုက္ခသည်တွေ အရေးပေါ် အကူအညီလိုအပ်နေ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မန်စီမြို့နယ် စီခမ်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း က ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ စားဝတ်နေရေး အခက်ခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အဲဒီဒုက္ခသည်စခန်းကို သွားရောက် ကူညီခဲ့တဲ့ တိုင်းလိုင် (ရှမ်းနီ) အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ ဥက္ကဌ ဦးစိုင်းဌေးအောင်က ပြောပါတယ်။

ဗန်းမော်ခရိုင် မန်စီမြို့နယ်၊ စီခမ်းကြီးဘုန်းကြီးကျောင်း ဘုရားတန်ဆောင်းမှာ စာသင်ယူနေတဲ့ ကောင်လွင်ကျေးရွာက စစ်ဘေးရှောင် ကျောင်းသားငယ်များကို နိုဝင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ် photo: RFA/ Kyaw Myo Min

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မန်စီမြို့နယ် စီခမ်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းက ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ စားဝတ်နေရေး အခက်ခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အဲဒီဒုက္ခသည်စခန်းကို သွားရောက်ကူညီခဲ့တဲ့ တိုင်းလိုင် (ရှမ်းနီ) အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဥက္ကဌ ဦးစိုင်းဌေးအောင်က ပြောပါတယ်။

အဲဒီဒုက္ခသည်တွေဟာ မန်စီမြို့နယ် ကောင်လွင်ရှမ်းရွာ က ဒုက္ခသည်တွေဖြစ်ပြီး နိုဝင်ဘာလ ၇ ရက်နေ့က အစိုးရတပ်တွေနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေတပ်တွေ အကြား ကောင်လွင်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အတွက် စီခမ်းကြီးကျေးရွာကို ရောက်ရှိနေကြတာပါ။

အဲဒီ ရှမ်းတိုင်းရင်းသား စစ်ဘေးရှောင်ပြည်သူတွေဟာ  အခြေခံစားကုန်၊ အဝတ်အထည်နဲ့ အမိုးအကာတွေ အရေးပေါ်လိုအပ်နေတယ်လို့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးစိုင်းဌေးအောင်က RFA ကို ပြောပါတယ်။

“သူတို့အနေနဲ့ စားဖို့သောက်ဖို့ အခက်အခဲ၊ နောက်နေဖို့ထိုင်ဖု့ိ အခက်အခဲ ကြုံနေရပါတယ်၊ စားရေးသောက်ရေး အခြေအနေက လောလောဆယ် ဘုန်းကြီးက ကျွေးနေရတာပေါ့လေ၊ ကလေးတွေက တမံသလင်းမှာပဲ သင်နေရတယ်၊ နောက်ရေးစရာ စားပွဲခုံမရှိဘူး၊ စာရွက်စာတမ်းတွေ မပြည့်စုံဘူး၊ ခုဆိုရင် ဆောင်းရာသီက အေးလာတဲ့အခါကျတော့ ဇရပ်မှာနေရတယ်၊ အမိုးအကာမရှိဘူး၊ အဝတ်အထည်တွေ လောက်ငှအောင်မရှိဘူး၊ နောက်စောင်လိုအပ်တယ်၊ အဲဒါတွေက အရေးပေါ်အခြေအနေ လိုအပ်နေတယ်၊ အခုစခန်းတွေမှာ အခြားဒုက္ခသည်တွေ အများကြီးရောက်နေတယ်၊ အဲဒီကို ကူညီထောက်ပံ့ရေးပစ္စည်းတွေ တစ်ခုမှ မရောက်သေးဘူး”

မန်စီမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ နောက်ဆုံးပတ်က စတင်ဖြစ်ပွားခဲ့တဲ့ အစိုးရနဲ့ ကေအိုင်အေတပ်တွေရဲ့တိုက်ပွဲတွေကြောင့် နန့်လင်းပါ၊ မုန်းဒိန်ပါ၊ ကောင်လွင်စတဲ့ ရွာတွေက ဒေသခံပြည်သူတွေဟာ ဗန်မော်ခရိုင်ထဲက နီးစပ်ရာဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်ဘုရား ရှိခိုးကျောင်းတွေမှာ ခိုလှုံနေကြရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက နန့်လင်းပါကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အဲဒီရွာက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေကော ဒေသခံတွေပါ ဘေးလွတ်ကို ရှောင်ပြေးနေ ကြပါတယ်။

ကချင်ပြည်နယ်မှာ အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေအကြား ၂ နှစ်ကျော်ကြာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် နီးစပ်ရာ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေမှာ လာရောက်ခိုလှုံနေတဲ့ ဒေသခံပြည်သူ ၁ သိန်းဝန်းကျင်လောက်ရှိတယ်လို့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org