တနင်္သာရီမှာ ဆန်သယ်ခွင့် အပိတ်ခံထားရတာကြောင့် အကန့်အသတ်နဲ့သာ ဝယ်နေရ

တနင်္သာရီမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က ဆန်သယ်ယူခွင့် ပိတ်ဆို့ထားတာကြောင့် ဒေသတွင်းမှာ ဆန်ကို အကန့်အသတ်နဲ့သာ ဝယ်ယူလို့ရတော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တနင်္သာရီမြို့နယ်ထဲမှ စစ်ဘေးဒုက္ခသည်များကို ဆန်လှူဒါန်းနေမှုအား ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့က တွေ့ရစဉ်။ တွဲလက်ညီညီ စစ်ရှောင်ကူညီရေးအဖွဲ့

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က ဆန်သယ်ယူခွင့် ပိတ်ဆို့ထား တာကြောင့် ဒေသတွင်းမှာ ဆန်ကို အကန့်အသတ်နဲ့သာ ဝယ်ယူလို့ရတော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆန်ဆိုင်တွေမှာ တစ်ခါဝယ်ရင် အိမ်ထောင်စုတစ်စုကို အများဆုံးဆန်ခြောက်ပြည်သာ ရောင်းပေးတော့တယ်လို့ ဆိုပါတယ်။

ဆန်သယ်ဖို့ ခက်ခဲနေတာကြောင့် တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းအုပ်စု၊ သာရဘွင် အုပ်စုနဲ့ တကူးအုပ်စုထဲက ရွာပေါင်းနှစ်ဆယ်ကျော်က ဆန်ဆိုင်လည်း အကန့်အသတ်နဲ့သာ ရောင်းပေးနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အခုက ခိုးပြီးသယ်နေရတာ။ ပိုက်ဆံရှိရင်တောင် ဝယ်လို့မရတဲ့ အနေအထား ဖြစ်နေ တယ်။ ဆိုင်မှာက ကိုယ်လိုသလောက် မရဘူး။ လူတစ်ယောက်ကို အကန့်အသတ်နဲ့ကို ဝယ်နေရတာ”

မြို့နယ်ထဲကိုဆန်သယ်ဖို့ စစ်ကောင်စီတပ်သားတွေ မမိနိုင်မယ့်လမ်းကြောင်းကိုသာ အားပြုနေရပြီး ဆန်စျေးလည်း ကြီးနေတယ်လို့ ဆိုပါတယ်။

ဒေသခံတွေ အများဆုံးဝယ်စားကြတဲ့ အိုကေနီတံဆိပ် ဆန်ကြမ်း ၂၄ ပြည်ပါ တစ်အိတ်ကို မြိတ်မြို့ပေါ်မှာ ခုနစ်သောင်းကျော် ပေးရပြီး သယ်ရခက်ခဲတဲ့ ရွာတွေဆီအရောက်ဆိုရင် ကိုးသောင်းကျော်အထိ စျေးရှိနေပါတယ်။

တနင်္သာရီမြို့နယ်ထဲက ဇဝဲရွာအခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ- ၅၅၆ တပ်သားတွေထိုင်တဲ့ ဂိတ်ကနေ ဩဂုတ်လယ်ပိုင်းကစပြီး ရိက္ခာသယ်ယူခွင့် ကန့်သတ်လိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီဇဝဲဂိတ်ကနေ လမ်းခွဲပြီး တကူရွာအုပ်စုဘက်ကိုသွားရတဲ့ လမ်းပိုင်းတစ်လျှောက် မှာလည်း ပစ္စည်း သယ်ယူခွင့်အပြင် ပြည်သူတွေ ဖြတ်သန်းသွားလာခွင့်ကိုပါ စက်တင်ဘာ ၇ ရက်ကတည်းက ပိတ်ပင်ထားတာလို့ ဆိုပါတယ်။

အဲဒီလမ်းပိုင်းက ရွာတွေအနီးမှာ တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေ ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုလို ရိက္ခာဖြတ်တောက်ထားတာလို့ မြိတ်ခရိုင် တပ်ရင်း (၂) တာဝန်ခံက RFA ကို ပြောပါတယ်။

“ဒီကျေးရွာတွေဘက်မှာ တော်လှန်ရေးအင်အားစုတွေ များလို့ဆိုပြီး ပိတ်တာ။ ဖုန်းလိုင်းတွေကတော့ ရတဲ့အခါ ရနေတယ်။ တစ်ခါတလေကျတော့လည်း ဖြတ်တယ်။ တနင်္သာမြို့နယ်ထဲမှာတော့ မကြာခဏ တိုက်ပွဲတွေလည်း ဖြစ်နေတာ။ ပြောက်ကျားပုံစံ ဖြစ်တာပေါ့။ ချောင်းပစ်တာတို့ပေါ့”

တနင်္သာရီမြို့နယ်အပြင် ပုလောမြို့နယ် အရှေ့ဘက်ခြမ်းကရွာတွေနဲ့ ထားဝယ်မြို့နယ် (ဒေသခံတွေအခေါ် အရှေ့တောဒေသ) ဖြစ်တဲ့ ထားဝယ်-မေတ္တာ-ထီးခီး (ထိုင်းနယ်စပ်) လမ်းကြောင်းတစ်လျှောက်က ရွာတွေကို လည်း ဆန်အပါအဝင် စက်သုံးဆီနဲ့ ဆေးဝါးသယ်ဆောင်ခွင့်ကို စစ်ကောင်စီက ဖြတ်တောက်ထားတာပါ။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်သိရဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းလူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ အောက်တိုဘာလ ၂ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ ရှစ်သောင်းနှစ်ထောင်ကျော် (၈၂,၂၀၀) ရှိပြီ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org