သရက်ချောင်းမြို့နယ်က ဒေသခံ ငါးဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသွား

သရက်ချောင်းမြို့နယ်ထဲက ရွာတွေကို စီးနင်းဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ကမြိုင်ရွာခံ ငါးဦးကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

တနင်္သာရီတိုင်းမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဧပြီလ ၁၉ ရက်နေ့က တွေ့ရစဉ်။ နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ထဲက ရွာတွေကို စီးနင်းဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ အောက်တိုဘာလ ၅ ရက်နေ့က ကမြိုင်ရွာခံ ငါးဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးသွားတဲ့ ကမြိုင်ရွာခံ ငါးဦးကို လက်ရှိ အဲဒီစစ်ကြောင်း ထိုင်ချတပ်စွဲထားတဲ့ ရငဲရွာဆီ ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီငါးဦးအပြင် အဆက်အသွယ်ပြတ်တောက်ပြီး ပျောက်နေသူတွေလည်း ရှိနေသေးတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကမြိုင်ကတော့ မနေ့က နောက်ဆုံးဝင်ပြီး လုယက်လုပ်သွားတဲ့ရွာပဲ။ တွေ့တဲ့လူတိုင်းကို ဖမ်းတာ။ ငါးယောက် ပါသွားတယ်။ လူသားဒိုင်းလုပ်ပြီး လမ်းပြခိုင်းတယ်။ တချို့ကိုကျတော့လည်း မေးမြန်းရိုက်နှက်ပေါ့။ တစ်ခါတလေ မသင်္ကာရင် PDF လည်း ဖြစ်ချင်ဖြစ်သွားတာ”

သရက်ချောင်းမြို့နယ် အခြေစိုက် ခမရ (၄၀၃) တပ်ရင်းက အင်အားငါးဆယ်ဝန်းကျင်ပါတဲ့ အဲဒီစစ်ကြောင်းဟာ ကမြိုင်ရွာကိုဝင်ပြီး ဒေသခံတွေကို ဖမ်းခဲ့တဲ့အပြင် နေအိမ်တွေကို ရိုက်ဖွင့်ပြီး ပစ္စည်းတွေပါ ယူဆောင်သွားတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

ဒီပြောဆိုမှုတွေနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

အဲဒီစစ်ကြောင်းဟာ စက်တင်ဘာလကုန်ကစပြီး ကျွဲမင်းကုန်း၊ ကနက်သီရိနဲ့ ကမြိုင်ရွာတွေထဲ ဝင်ရောက်ခဲ့လို့ အဲဒီရွာတွေအပြင် ကျောက်ခမောက်၊ ကတွဲ စတဲ့ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

အဲဒီရွာတွေဘက်ကို လက်ရှိ ရိက္ခာနဲ့ ဆေးဝါးရောက်ရှိဖို့ ခက်ခဲနေသလို စစ်ဘေးဒုက္ခသည် တွေမှာ ရာသီတုပ်ကွေးဖြစ်တာတွေ များနေတယ်လို့ တနင်္သာရီတိုင်းထဲက စစ်ဘေး ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူ ပြုရေးအဖွဲ့ တာဝန်ခံ ကိုယောနသံက RFA ကို ပြောပါတယ်။

“စစ်ကောင်စီတပ်တွေက လမ်းပန်းဆက်သွယ်ရေး အချက်အချာကျတဲ့နေရာတွေမှာ အထိုင်ချပြီး စစ်တာတွေရှိတော့ ခက်ခဲနေတာ။ စစ်ရှောင်တွေအတွက် ကျန်းမာရေးအတွက်ရော စားနပ်ရိက္ခာအတွက်ရော အခက်အခဲဖြစ်နေတယ်”

အဲဒီအခြေအတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းလူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၂ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် တနင်္သာရီတိုင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးရသူ ရှစ်သောင်းကျော် (၈၂,၂၀၀) ရှိလာပြီဖြစ်ပါတယ်။

ဒီအရေအတွက်ဟာ UNOCHA ရဲ့ စက်တင်ဘာ ၈ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အရေအတွက်ထက် ခုနစ်ထောင်ခန့် တိုးလာတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org