တနင်္သာရီဂျာနယ်ကို တရားစွဲသင့်၊ မသင့် အောက်တိုဘာ ၁ ရက်နေ့ ဆုံးဖြတ်မည်
ထားဝယ်အခြေစိုက် တနင်္သာရီဂျာနယ်ကို တိုင်းဒေသကြီးအစိုးရက သတင်းမီဒီယာပုဒ်မ ၂၅(ခ) နဲ့ တရားစွဲဆိုထားတဲအမှုကို အောက်တိုဘာလ ၁ ရက်နေ့မှာ စွဲချက်ဖို့ သင့်၊ မသင့်ကို ဆုံးဖြတ်မယ်လို့ ဒီနေ့ရုံးချိန်းမှာ တရားသူကြီးက ပြောပါတယ်။
-
2018-09-17 -
-
-
ထားဝယ်အခြေစိုက် တနင်္သာရီဂျာနယ်ကို တိုင်းဒေသကြီးအစိုးရက သတင်းမီဒီယာပုဒ်မ ၂၅(ခ) နဲ့ တရားစွဲဆို ထားတဲ့ အမှုကို အောက်တိုဘာလ ၁ ရက်နေ့မှာ စွဲချက်ဖို့ သင့်၊ မသင့်ကို ဆုံးဖြတ်မယ်လို့ ဒီနေ့ရုံးချိန်းမှာ တရားသူကြီးက ပြောပါတယ်။
ဒီနေ့ရုံးချိန်းမှာ နှစ်ဖက်သက်သေတွေရဲ့ လျှောက်လဲချက်တွေကို ကြားနာခဲ့ပြီး နောက်လာမယ့် ရုံးချိန်းမှာ တရားစွဲဖို့ သင့်၊ မသင့်ကို ဆုံးဖြတ်မှာဖြစ်ကြောင်း တရားစွဲခံထားရတဲ့ တနင်္သာရီဂျာနယ် အယ်ဒီတာ ဦးမျိုးအောင်က ပြောပါတယ်။
"တရားစွဲဆိုထားတဲ့ဟာနဲ့ ပတ်သက်ပြီးတော့ စွဲဆိုထားတဲ့ ပုဒ်မနဲ့ စွဲချက် တင်သင့်မ၊ မတင်သင့်ဆိုပြီးတော့ နှစ်ဖက် လျောက်လဲချက် ပေးတာပေါ့လေ။ နောက်ရုံးချိန်းမှာဆိုရင် စွဲချက်တင်ရင်လည်းတင်မယ်၊ မတင်ရင်လည်း မတင်ဘူးဆိုတဲ့အမိန့် ထွက်လာမှာပါ"
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ထုတ် တနင်္သာရီဂျာနယ်မှာ ကလောင်ရှင် မူးဆေးအိုးရေးသားတဲ့ "မဲဆွယ် အပြုံး" သရော်စာပါ ရေးသားချက်တွေဟာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး ဝန်ကြီးချုပ် ညွှန်ကြားချက်နဲ့ အစိုးရအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူးက တရားလိုလုပ် တိုင်ကြားထားတာဖြစ်ပါတယ်။
ဒီအမှုကို ပယ်ဖျက်ပေးဖို့အတွက် တနင်္သာရီဂျာနယ်က တိုင်းဒေသကြီး တရားလွှတ်တော်မှာ ဇူလိုင်လက တင်ပြခဲ့ရာမှာ တရားရုံးက ပယ်ချခဲ့ပါတယ်။
မီဒီယာဥပဒေပုဒ်မ ၂၅ (ခ) ဟာ လူတစ်ဦးတစ်ယောက်ကို အသရေဖျက်စေမှုနဲ့ စွဲဆိုတဲ့ ပုဒ်မဖြစ်ပြီး ပြစ်မှု ကျူးလွန်ကြောင်း ထင်ရှားရင် ငွေဒဏ် ၃ သိန်းကနေ ၁၀ သိန်းအထိ ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် မေလတုန်းကလည်း တနင်္သာရီဂျာနယ်မှာ ဖော်ပြခဲ့တဲ့ "ငါးရံ့တစ်ကောင်ရဲ့ ရင်ဖွင့်သံ" ဆောင်းပါးပါ စာသားတစ်ချို့ဟာ ကံပေါက်ဒေသမှာ သတ္တုတူးဖော်နေတဲ့ DELCO ကုမ္ပဏီကို ဂုဏ်သိက္ခာ ကျဆင်းစေတယ်ဆိုပြီး အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ ရေဖြူတရားရုံး တရားစွဲဆိုခံခဲ့ဖူးပြီး တရားရုံးက ဒဏ်ငွေ ၃ သောင်း ချမှတ်ခဲ့ပါတယ်။