အာဇာနည်ရင်ပြင်ဆောက်တာ တစ်ဦးတစ်ယောက် အကျိုးစီးပွားအတွက် မဟုတ်ကြောင်း ဝန်ကြီးချုပ်ပြော

တနင်္သာရီတိုင်း ထားဝယ်မြို့မှာ အာဇာနည်ရင်ပြင် တည်ဆောက်တာဟာ တစ်ဦးတစ်ယောက် အကျိုးစီးပွားအတွက် မဟုတ်ကြောင်း တိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် က ဒီနေ့ ပြောလိုက်ပါတယ်။

တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် ကို တွေ့ရစဉ်

တနင်္သာရီတိုင်း ထားဝယ်မြို့မှာ အာဇာနည်ရင်ပြင် တည်ဆောက်တာဟာ တစ်ဦးတစ်ယောက် အကျိုးစီးပွားအတွက် မဟုတ်ကြောင်း တိုင်းဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော် က ဒီနေ့ ပြောလိုက်ပါတယ်။

တနင်္သာရီတိုင်းအစိုးရအဖွဲ့ရုံးမှာ ပြုလုပ်တဲ့ အစိုးရရဲ့ ဒုတိယနှစ် တစ်နှစ်တာဆောင်ရွက်ချက် သတင်းစာ ရှင်းလင်းပွဲ မှာ သတင်းထောက်တစ်ဦးက မေးမြန်းတာကို ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော် က ဖြေကြားလိုက်တာပါ။

"ကျမတို့ နိုင်ငံရေးသမားတွေရဲ့ အဓိကက ဗိုလ်ချုပ် အောင်ဆန်း ဖြစ်ပါတယ်၊ ဗိုလ်ချုပ် အောင်ဆန်းကို အလေးနက် ပြုဖို့က ဒီမြို့မှာ အာဇာနည်ရင်ပြင် မရှိပါဘူး၊ ကျမတို့ ဘားအံမြို့ကို ရောက်တဲ့အခါ အာဇာနည် ရင်ပြင်ကို တွေ့ရပါတယ်၊ ကျမတို့ အာဇာနည်ရင်ပြင်ဆီ သွားပါတယ်၊ သွားပြီးလေ့လာပါတယ်၊ အာဇာနည်ရင်ပြင် ကို ဘယ်နားမှာလုပ်ရင် ကောင်းမလည်းဆိုတာ စဉ်းစားပါတယ်၊ စဉ်းစားပြီးတော့ ကက်ဘိနက်ကို တင်ပါတယ်၊ အာဇာနည်ရင်ပြင်ကို အစိုးရရဲ့ ဘယ်ဘတ်ဂျက်မှာ အသုံးပြုမယ်ဆိုပြီးတော့ ကျမတို့ တင်ပါတယ်၊ အာဇာနည် ရင်ပြင် တည်ဆောက်တာကို ပြည်သူကို ချပြစရာမလိုဘူးလို့ ထင်ပါတယ်၊ အာဇာနည်ရင်ပြင် တည်ဆောက်တာ မကျေနပ်တဲ့ပြည်သူကတော့ အခြားနေရာမှာ ဦးညွှတ်လို့ ရပါတယ်၊ ကျမတို့ကတော့ ပြည်သူအတွက် လုပ်ပေးခြင်း ဖြစ်ပါတယ်၊ ကျမတို့ တစ်ဦးတစ်ယောက် အကျိုးစီးပွားအတွက် လုပ်တာမဟုတ်ပါဘူး ကျမအနေနဲ့ ရှင်းပြလိုပါတယ်"

ထားဝယ်မြို့ တိုင်းလွှတ်တော်အနီးမှာ အာဇာနည်ရင်ပြင် ဆောက်လုပ်နေတာနဲ့ ပတ်သက်ပြီး အရပ်ဖက် အဖွဲ့တွေ၊ ကျောင်းသားတွေက မလိုအပ်ဘူးဆိုပြီး ဝေဖန်တာတွေရှိနေပါတယ်။

အလားတူ တိုင်းအစိုးရဝင်းအတွင်းမှာ ဆောက်လုပ်နေတဲ့ သုံးထပ်အဆောက်အအုံဟာလည်း ရှေ့ဟောင်း အဆောက်အအုံဖြစ်တဲ့ တိုင်းအစိုးရရုံးကို ကွယ်နေတာကြောင့် မလုပ်သင့်ဘူးလို့ ဝေဖန်တာတွေရှိခဲ့ပါတယ်။

အဲဒါတွေဟာ အစိုးရရဲ့ လုပ်ပိုင်ခွင့်ဖြစ်ပြီး တိုင်းအစိုးရဘတ်ဂျက်နဲ့ တည်ဆောက်တာဖြစ်တဲ့အတွက် ပြည်သူတွေကို ချပြစရာမလိုဘူးဆိုပြီး ဒီနေ့ ဝန်ကြီးချုပ်က ပြောခဲ့တာဖြစ်ပါတယ်။

ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ထားဝယ် လျှပ်စစ်မီးပြဿနာ၊ သရက်ချောင်း ငါးလေလံဈေးကိစ္စ၊ မြိတ် မြို့သစ် စီမံကိန်း စတဲ့ကိစ္စတွေကို သတင်းထောက်တွေမေးမြန်းမှုအပေါ် ဝန်ကြီးချုပ်က ပြန်လည်ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org