တနင်္သာရီမြို့နယ်မှာ လက်နက်ကြီးကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

တနင်္သာရီမြို့နယ် မြို့ဟောင်းရွာထဲကို အောက်တိုဘာ ၁၆ ရက်က စစ်ကောင်စီ အမြောက်တပ်က ပစ်တဲ့ လက်နက်ကြီးကျည်ကြောင့် ဒေသခံအမျိုးသားတစ်ဦး ဦးခေါင်းထိမှန် သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့က တွေ့ရစဉ်။ နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် မြို့ဟောင်းရွာထဲကို အောက်တိုဘာလ ၁၆ ရက် ည ၇ နာရီခန့်က စစ်ကောင်စီ အမြောက်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံအမျိုးသားတစ်ဦး ဦးခေါင်းထိမှန် သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူဟာ မြို့ဟောင်းရွာခံ အသက် ၂၁ နှစ်အရွယ် ကိုလာဖွီဒင်ဖြစ်ပြီး သူ့ရဲ့အမျိုးသမီးဖြစ်သူကတော့ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

မော်တုန်းရွာအခြေစိုက် စစ်ကောင်စီအမြောက်တပ် အမတ- ၃၀၆ က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် မြို့ဟောင်းရွာထဲက နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အိမ်ခေါင်မိုးကနေပေါက်ပြီး ခုတင်ပေါ်ကိုကျတာ။ သူတို့က ခုတင်အောက်မှာ ပုန်းနေတာတောင်မှ ကျည်က ကျလာပြီး ထိတာပဲ။ ခေါင်းကွဲပြီးသေတာပဲ။ ကျွန်မတို့ရွာဘက်ကို PDF တွေရှိတယ်ဆိုပြီး ပစ်နေတာ။ ကျွန်မတို့လည်း ဘာမှမလုပ်ဘူး”

အဲဒီအမြောက်တပ်ကနေ တိုက်ပွဲဖြစ်တာမရှိဘဲ အနီးအနားရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ဆယ်ချက်ထက်မနည်း ရှိတယ်လို့ ဆိုပါတယ်။

အမြောက်တပ်နဲ့ အနီးအနားရွာတွေက ဒေသခံတွေ ညတွင်းချင်းထွက်ပြေးခဲ့ရသလို နေအိမ်တွေနဲ့ ဥယျာဉ်ခြံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ထွက်ပြေးရသူအရေအတွက်နဲ့ ထိခိုက်ပျက်စီးမှု အသေးစိတ်ကိုတော့ တိတိကျကျမသိရ သေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ ဒီကနေ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

အောက်တိုဘာ ၁၂ ရက်ကလည်း တနင်္သာရီမြို့နယ်ထဲက လယ်တောင်ယာ၊ တမုတ်ချုံးနဲ့ သစ်ပင်ခြောက်ရွာတွေဘက်ကို စစ်ကောင်စီတပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကျောင်းသား ကလေးငယ်တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ (FE5 Tanintharyi) ရဲ့ အောက်တိုဘာ ၁၂ ရက်စာရင်းအရ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း တနင်္သာရီတိုင်းထဲက သရက်ချောင်း၊ လောင်းလုံး၊ ရေဖြူ၊ ပုလော၊ တနင်္သာရီ၊ မြိတ်နဲ့ ကော့သောင်းမြို့နယ်မှာ စုစုပေါင်း အရပ်သား ၂၉ ဦး အသတ်ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ အောက်တိုဘာလ ၂ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် တနင်္သာရီတိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ ရှစ်သောင်းကျော် (၈၂,၂၀၀) ရှိလာပြီ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org