ဗုဒ္ဓပုံတော် မင်ကြောင် ထိုးသူ ပြည်နှင်ဒဏ်ပေးခံရ
မြန်မာနိုင်ငံကို လာရောက်လည်ပတ် တဲ့ နိုင်ငံခြားသားခရီးသည်တစ်ယောက် ဟာ သူ့ရဲ့ ခြေသလုံးမှာ ဗုဒ္ဓပုံတော်တွေ ကို ဆေးမင်ကြောင်ရေးထိုးထားတဲ့အတွက် သက်ဆိုင် ရာက ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း သိရပါတယ်။
-
2014-08-05 -
-
-
Your browser doesn’t support HTML5 audio
မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားခရီးသည်တစ်ယောက်ဟာ သူ့ရဲ့ ခြေသလုံးမှာ ဗုဒ္ဓပုံတော်တွေကို ဆေးမင်ကြောင်ရေးထိုးထားတဲ့အတွက် သက်ဆိုင်ရာက ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း သိရပါတယ်။
ကနေဒါနိုင်ငံသား Mr Polley Jason Scott ဟာ ဇနီးဖြစ်သူနဲ့အတူ မြန်မာနိုင်ငံကို ဇူလိုင် ၂၇ ရက်က ရောက်ရှိ ခဲ့ပြီး အင်းလေး၊ မန္တလေး၊ ပုဂံ၊ မော်လမြိုင်၊ ကျိုက်ထီးရိုး စတဲ့နေရာတွေကို သွားရောက်လည်ပတ်ခဲ့ပါတယ်။
ဒါပေမဲ့ ခရီးတစ်လျှောက် ဘောင်းဘီတိုဝတ်ထားတဲ့အတွက် သူ့ရဲ့ ခြေသလုံးမှာ ဗုဒ္ဓပုံတော်တွေ ဆေးမင်ကြောင်ရေးထိုး ထားတဲ့ ဓါတ်ပုံတွေ အင်တာနက် Facebook ပေါ်ပျံ့နှံ့သွားခဲ့ပါတယ်။
သြဂုတ်လ ၂ ရက်နေ့ အင်းလေးကို ရောက်ရှိတဲ့အခါ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန က ညောင်ရွှေကနေ ရန်ကုန်လေဆိပ်ကို ပြန်ပို့လိုက်ပြီး ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ သိရပါတယ်။
ဘာသာရေးပြင်းထန်သူတွေနဲ့တွေ့ရင် သူ့အသက်အန္တရာယ်၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပွားမယ့်အန္တရာယ် စိုးရိမ်ရတာကြောင့် ချက်ချင်း ပြည်နှင်ဒဏ်ပေး လိုက်တာဖြစ်ကြောင်း ဒေသအာဏာပိုင်တွေကပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်မှာ သီတင်းသုံးတဲ့ ဆရာတော် ဦးကုမုဒြ က အခုလို ဆောင်ရွက်လိုက်တာ သင့်တော်ကြောင်း မိန့်ကြားပါတယ်။
"ဒီဖြစ်ရပ်ပေါ်မှာတော့ ဘုန်းဘုန်းတို့က သင့်တော်တယ်လို့ မှန်ကန်တယ်လို့ ထင်ပါတယ်၊ ဘာလို့လည်း ဆိုတော့ ခုချိန်မှာ ဘာသာရေးတွေကလည်း အထိမခံပြီးတော့ အကဲခတ်တဲ့သဘောမျိုး ဖြစ်နေတာဆိုတော့ ဒီလိုလုပ်လိုက်သောအားဖြင့် ကောင်းတဲ့သဘောမျိုးထင်ပါတယ်၊ ဘယ်နိုင်ငံပဲရောက်ရောက် ဘယ်နိုင်ငံ ပဲနေနေ အဲ့ဒီနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ကိုးကွယ်မှုကိုတော့ လေးစားလိုက်နာရမှာ ဖြစ်ပါတယ်၊ ဒီတော့ ယဉ်ကျေးမှုတွေ ကိုးကွယ်မှုတွေကို လေးစားမှုရှိမယ်ဆိုရင် အဲ့ဒါ ဘာသာရေးနဲ့ပတ်သက်ပြီးတော့ ယဉ်ကျေးမှုနဲ့ပတ်သက်ပြီးတော့ လုံးဝ ပြဿနာမဖြစ်နိုင်ပါဘူး၊ဘုန်းဘုန်းတို့ အိန္ဒိယမှာနေတုန်းကလည်း ဟိန္ဒူကျောင်းဆောင်တွေကို သွားပြီးတော့လေ့လာတယ်၊ အခြားသောဘာသာရေးတွေ လေ့လာတယ် ဆိုလို့ရှိရင် သူတို့ထုံးတမ်းအစဉ်အလာအတိုင်း သူတို့ရဲ့ ယဉ်ကျေးမှုအတိုင်းပြုလုပ် အားထုတ်ပါတယ်၊ အဲ့ဒီအခါမှာ သူတို့က ချစ်ခင်လေးစားမှုကို ရရှိပါတယ်"
အလားတူ သီရိလင်္ကာနိုင်ငံမှာလည်း ဒီနှစ် ဧပြီလက ဗြိတိန်နိုင်ငံသူတစ်ယောက် လက်မောင်း ဗုဒ္ဓပုံတော် ဆေး မင်ကြောင်ထိုးထားတဲ့အတွက် ပြည်တွင်းအဝင်မခံဘဲ လေဆိပ်ကနေ ပြန်ပို့ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ် ကလည်း အလားတူဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ပါတယ်။
ဘာသာယဉ်ကျေးမှု ပဋိပက္ခ တွေမပေါ်ပေါက်အောင် ရှောင်ရှားရေးနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်မှာ သီတင်းသုံးတဲ့ ဆရာတော် ဦးကုမုဒြ ကို ဦးသစ်ဆင်း က လျှောက်ထားမေးမြန်း ခဲ့ပါတယ်။