တောင်ကြီးခရိုင် NLD အတွင်းရေးမှူး ငွေကြေးလိမ်လည်မှုနဲ့ ဖမ်းဆီးခံရ
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှမ်းပြည်နယ် တောင်ကြီး ခရိုင် အတွင်းရေးမှူး ဦးညီညီရွှေကို ငွေကြေးလိမ်လည်မှု နဲ့ တောင်ကြီးမြို့ အမှတ် ၁ ရဲစခန်းက မနေ့ညက ဖမ်းဆီး လိုက်ပါတယ်။
-
2015-09-03 -
-
-
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှမ်းပြည်နယ် တောင်ကြီးခရိုင် အတွင်းရေးမှူး ဦးညီညီရွှေကို ငွေကြေးလိမ်လည်မှု နဲ့ တောင်ကြီးမြို့ အမှတ် ၁ ရဲစခန်းက မနေ့ညက ဖမ်းဆီးလိုက်ပါတယ်။
ဦးညီညီရွှေကို ငွေစုကြေးတွေ မပေးဘဲ အလွဲသုံးစားလုပ်ထားလို့ဆိုပြီး တိုင်ကြားထားတာကြောင့် ဖမ်းဆီးတာဖြစ် တယ် ရှမ်းပြည်နယ် ဒုတိယရဲမှူးကြီး ဦးစန်းလွင်က ပြောပါတယ်။
"သူ့ကိုတိုင်ထားတာရှိတယ်၊ သူတို့စုကြေးလုပ်ကြတယ်ပေါ့နော်၊ လိမ်လည်သွားတာ နောက်အလွဲသုံစားလုပ် ထားလို့ဆိုပြီ စုကြေးမရတဲ့သူတွေက တိုင်ထားတာရှိတယ်၊ တိုင်ထားတဲ့အပေါ်မှာ တောင်ကြီးမြို့မရဲစခန်းက အမှုဖွင့်ထားတာ၊ သူကတော့ တိမ်းရှောင်နေတာပေါ့လေ၊ ပြန်လာတဲ့အချိန်မှာ နစ်နာတဲ့သူတွေက ပြန်ရောက်နေ ပါတယ်လို့ ရဲစခန်းကို အကြောင်းကြားတယ်၊ အဲဒါညက ဖမ်းဆီးရမိတာပါ"
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်ကြီးခရိုင် ဥက္ကဌ ဦးတင်မောင်တိုးက ဦးညီညီရွှေဟာ ငွေကြေးလိမ်လည် ထားခြင်းမရှိကြောင်းနဲ့ အဲဒီအမှုကို အာမခံရဖို့အတွက် ကြိုးစားသွားမယ်လို့ ပြောပါတယ်။
"တရားရုံးမှာ သူ့ရဲ့အာမခံအတွက် ကျနော်လျှောက်ထားမယ်၊ ဒါပေမဲ့ အာမခံမရဘူးဆိုတဲ့အတွက် ညတွင်းချင်းဖမ်းမယ် လို့ပြောတယ်ပေါ့၊ အရင်ကတရားစွဲထားတယ်ဆိုတာ သူ့မိန်းမပေါ့နော် စုကြေး ကိုပြန်မပေးဘဲ တိမ်းရှောင်ခဲ့တဲ့အတွက် သူ့အမျိုးသမီးကို ပုဒ်မ ၄၂ဝ နဲ့ စွဲထားတာပေါ့၊ သူ့ကိုပါ ထည့်စွဲထားတာပေါ့"
ဦးညီညီရွှေရဲ့ ဇနီးဖြစ်သူထံမှာ ငွေစုတဲ့ ဒေါ်ရွှင်ဆိုသူက သူရဲ့ ငွေကျပ် သိန်း ၁၃၀ ကျော်ကို မပေးလို့ဆိုပြီး ပြီးခဲ့တဲ့ မတ်လက ငွေလိမ်လည်မှုနဲ့ ဦးညီညီရွှေကို တောင်ကြီးမြို့နယ်တရားရုံးထံ တိုင်ကြားထားတာ ဖြစ်တယ်လို့ သိရပါတယ်။