တောင်ကုတ်မှာ မူစလင် (၁၀) ဦး အသတ်ခံရ

ရခိုင်ပြည်နယ် သံတွဲမြို့ကနေ ရန်ကုန်မြို့ကို မနေ့ ညနေ (၅) နာရီလောက်က ထွက်ခွာလာတဲ့ ခရီးသည်တင်ယာဉ်ကို တောင်ကုတ်-သံတွဲလမ်းဆုံမှာ ဒေသခံရခိုင်လူမျိုးတွေက တားဆီးပြီး ကားပေါ်မှာပါလာတဲ့ အစ္စလာမ်ဘာသာဝင် (၁၀) ဦးနဲ့ ကြားဝင်ဖြန်ဖြေတဲ့ ဗုဒ္ဓဘာသာဝင် (၁) ဦးကို အကြမ်းဖက် သတ်ဖြတ်ခဲ့ပါတယ်။

အသတ်ခံရသူတွေထဲမှာ ခရီးသည်တင် ကားပိုင်ရှင်လည်းဖြစ် သံတွဲမြို့မဈေးအနီး ဝေလွင်လွင် စတိုးဆိုင်ပိုင်ရှင် အမျိုးသမီးလည်း ပါဝင်တယ်လို့ သံတွဲမြို့ခံ ကိုမျိုးဝဏ္ဏကျော်က ပြောပါတယ်။

လက်ရှိအခြေအနေမှာတော့ ဒေသခံစစ်တပ်နဲ့ အာဏာပိုင်တွေက အခြေအနေတွေကို ထိန်းချုပ်ထားပြီး လူသေအလောင်းတွေအားလုံးကို သက်ဆိုင်ရာက သံတွဲမြို့ကို ပြန်သယ်ဆောင်လာခဲ့ကြတယ်လို့ ကိုမျိုးဝဏ္ဏကျော်က ပြောပါတယ်။

အခုလို အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်တာဟာ မေလ (၂၈) ရက်နေ့က ရမ်းဗြဲမြို့နယ်၊ သပြေချောင်းကျေးရွာက မိန်းကလေးတစ်ဦးကို အစ္စလာမ်ဘာသာဝင်တွေက မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တာကြောင့် အခုလို လက်တုံ့ပြန်ကြတာလို့ တောင်ကုတ် ဒေသခံအချို့ကလည်း ပြောပါတယ်။

အခုလို သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့မှုအတွက် ရခိုင်အမျိုးသမီးများ အစည်းအရုံးက တနင်္ဂနွေနေ့ ရက်စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပြီး မိတ္တူကို သမ္မတ ဦးသိန်းစိန်ထံ အဓိကလိပ်မူ ပေးပို့လိုက်တယ်လို့ သိရပါတယ်။

အဲဒီကိစ္စကနေ လူမျိုးရေး အဓိကရုဏ်းမျိုး ဖြစ်လာနိုင်တာမို့ ဒီလို ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ ရခိုင်အမျိုးသမီးများ အစည်းအရုံးရဲ့အတွင်းရေးမှူး မစောမီမီသင်းက ပြောပါတယ်။

ရခိုင်အမျိုးသမီးများ အစည်းအရုံးရဲ့ထုတ်ပြန်ချက်ထဲမှာ မုဒိန်းမှုနဲ့ လူသတ်မှုကျူးလွန်သူ ၃ ဦးဟာ မွတ်ဆလင် ဘာသာဝင်များဖြစ်တယ်လို့ ဖော်ပြထားပေမယ့် RFA က နောက်ထပ်ရရှိတဲ့သတင်းများနဲ့ လူမှုအင်တာနက်စာမျက်နှာ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့နေတဲ့ သတင်းများအရ တရားခံ ၃ ယောက်ထဲက ၂ ယောက်ဟာ မူစလင်ဘာသာဝင်ဖြစ်ပြီး တယောက်ကတော့ ရခိုင်လူမျိုး ဗုဒ္ဓဘာသာဝင်တဦး ဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသမီးများ အစည်းအရုံးနဲ့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်ပါ။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org