တောင်ကြီးမှာ ပြောက်ကျားအင်္ကျီဝတ်အဖွဲ့ကို ကန့်ကွက်ရေး လက်မှတ်ကောက်ယူ
ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ဒေသခံတချို့နဲ့ ဖွဲ့စည်းထား တဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းရေးအဖွဲ့ကို နိုင်ငံရေး ပါတီတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေက ကန့်ကွက်ကြောင်း လက်မှတ်တွေ ကောက်ခံနေပါတယ်။
-
2015-05-04 -
-
-
ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ဒေသခံတချို့နဲ့ ဖွဲ့စည်းထားတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းရေးအဖွဲ့ကို နိုင်ငံရေး ပါတီတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေက ကန့်ကွက်ကြောင်း လက်မှတ်တွေ ကောက်ခံနေပါတယ်။
အဲဒီအဖွဲ့ကို အစိုးရက တရားဝင်ဖွဲ့စည်းပေးထားတာမဟုတ်သလို အဖွဲ့ရဲ့လုပ်ဆောင်ချက်တွေအပေါ်မှာ တာဝန်ယူမယ့် ဌာနလည်းမရှိတာကြောင့် အခုလိုကန့်ကွက်တာဖြစ်တယ်လို့ တောင်ကြီးခရိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးတင်မောင်တိုးက ပြောပါတယ်။
"ဒီအဖွဲ့အစည်းက တရားဝင်ဖွဲ့စည်းထားခြင်း မရှိဘူးပေါ့၊ အဖွဲ့ရဲ့လုပ်ရပ်တွေကို တာဝန်ခံမယ့် ဌာနဆိုင်ရာမရှိဘူး၊ ပြဿနာတစ်စုံတစ်ရာ ဖြစ်လာနိုင်တယ်၊ ပြီးတော့လုံခြုံရေးအဖွဲ့ဆိုပြီး တုတ်တွေ စက်တွေ ကိုင်လာတာကိုး၊ နောက်စတိတ်ရှိုးတွေ ဘာသာရေးပွဲတွေ ရိုးရာပွဲတွေမှာ လုံခြုံရေးယူတယ်ပေါ့၊ ဒီအဖွဲ့နဲ့ လူငယ်တွေနဲ့ ရိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လေ၊ ဖြစ်လာရင် တာဝန်ယူမလားဆိုတော့ ရဲတပ်ဖွဲ့ကလည်း မယူဘူးတဲ့၊ သူတို့ဖွဲ့စည်းထားတာ မဟုတ်ဘူးပေါ့၊ ကျနော်ကမေးပြီးပြီ တာဝန်ယူမယ့်လူမရှိဘူးပေါ့"
တောင်ကြီးမြို့နယ် အောင်မြေဘုံစံကျောင်းတိုက်မှာ မေလ ၂ရက်နေ့ကစပြီး လက်မှတ်တွေ စုဆောင်းနေတာ အခုဆို ၅၀၀ ကျော် ကောက်ခံရရှိထားတယ်လို့ သိရပါတယ်။
ကောက်ခံရရှိထားတဲ့ လက်မှတ်တွေကို မနက်ဖြန်မှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရဲတပ်ဖွဲ့နဲ့ ပြည်နယ်လွှတ်တော် ဥက္ကဌတို့အပြင် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်နဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌတို့ထံလည်း ပေးပို့သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းရေးအဖွဲ့ဟာ တောင်ကြီးမြို့မှာပြုလုပ်တဲ့ ဆန္ဒပြပွဲတွေနဲ့ ပွဲလမ်းသဘင်အခမ်းအနားတွေမှာ ပြောက်ကျားအင်္ကျီတွေ ဆင်တူဝတ်ဆင်ထားသလို နံပါတ်တုတ်တွေနဲ့ စကားပြောစက်တွေ ကိုင်ဆောင်ပြီး ရဲတပ်ဖွဲ့နဲ့အတူ လုံခြုံရေးယူခဲ့တာတွေရှိတယ်လို့ သိရပါတယ်။