တောင်ငူမှာ ရေဘေးသင့်သူ နှစ်သောင်းကျော်ရှိပြီး ပိတ်မိနေသူတွေ ရှိနေဆဲလို့ ကူညီနေသူတွေပြော

လက်ရှိအချိန်ထိ ပိတ်မိနေတဲ့သူတွေရှိနေပြီး ကယ်ဆယ်ရေးလုပ်ဖို့ အကူအညီတောင်းနေတာတွေ ရှိနေဆဲပဲလို့ တောင်ငူမြို့မှာ ကယ်ဆယ်ရေးလုပ်ကိုင်နေသူတစ်ဦးက RFA ကို ပြောပါတယ်။

ပဲခူးတိုင်း တောင်ငူမြို့ စစ်တောင်မြစ်နှင့် ခပေါင်းချောင်းအနီးမှ ရေဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။ Facebook / Kyaw Thu Ya

ပဲခူးတိုင်း တောင်ငူမြို့ပေါ်မှာ ရေဘေးကယ်ဆယ်ရေးစခန်း ၁၅ ခု ဖွင့်လှစ်ထားပြီး ရေဘေးဒုက္ခသည် နှစ်သောင်းကျော် ရွှေ့ပြောင်းပေးထားတယ်လို့ ကူညီကယ်ဆယ်နေသူတွေက ပြောပါတယ်။

လက်ရှိအချိန်ထိ ပိတ်မိနေတဲ့သူတွေရှိနေပြီး ကယ်ဆယ်ရေးလုပ်ဖို့ အကူအညီတောင်းနေတာတွေ ရှိနေဆဲပဲလို့ တောင်ငူမြို့မှာ ကယ်ဆယ်ရေးလုပ်ကိုင်နေသူတစ်ဦးက RFA ကို ပြောပါတယ်။

"ကူညီကယ်ဆယ်ရေးလည်း လုပ်နေရတုန်း၊ ရေဘေးရှောင်စခန်းတွေမှာလည်း အပြည့်ပဲ၊ လက်ရှိ ကယ်ဆယ်ရေးစခန်းနေရာတောင် ခက်ခဲနေတာ၊ လက်ရှိ ကျွန်တော်မြင်တာကတော့ လူတအားများလာတော့ နေထိုင်ဖို့ အခက်အခဲရှိတယ်၊ ပိတ်မိနေတဲ့လူတွေကို ကယ်ဆယ်ဖို့ အခက်အခဲရှိတယ်၊ ကယ်ဆယ်ရေးစခန်းက နောက်ဆုံးသိတာက ၁၅ ခုလောက်ရှိပြီ၊ လူက နှစ်သောင်းကျော်လောက်ရှိပြီ"

လက်ရှိ တောင်ငူခရိုင် မြို့နယ်လေးမြို့နယ်မှာ ရွာနှစ်ရာဝန်းကျင် ရေကြီးနစ်မြုပ်နေပြီး သေဆုံးသူနဲ့ ပျောက်ဆုံးနေသူ လေးရာဝန်းကျင်အထိ ရှိနိုင်တယ်လို့လည်း ကယ်ဆယ်ရေးလုပ်ကိုင်နေသူတွေက ခန့်မှန်းကြပါတယ်။ စစ်တောင်မြစ်ဘေးက ကျေးရွာတွေဟာ ရွာလုံးကျွတ်တွေ နစ်မြုပ်ပျောက်ဆုံးနေတာဖြစ်ပြီး တစ်ချို့ရွာတွေမှာ ရေစီးနဲ့အတူ နေအိမ်တွေပါ မျောပါသွားတာဖြစ်ပေမဲ့ ရေစီးသန်တာကြောင့် ကယ်ဆယ်ရေးသမားတွေလည်း လတ်တလော မသွားနိုင်ကြသေးဘူးလို့လည်း ဆိုပါတယ်။

အဲဒီကျေးရွာတွေဟာ လျှပ်စစ်မီးတွေပျက်ပြီး ဖုန်းလိုင်းတွေမရသလို ကူညီကယ်ဆယ်ရေးလည်း မရောက်နိုင်သေးတာကြောင့် အချက်အလက်တွေ ရဖို့လည်း ခက်ခဲနေပါတယ်။ လက်ရှိ တောင်ငူမြို့မှာ အဆိုးဝါးဆုံးရေဘေးကြုံနေရပြီး ပဲခူး၊ ပြည်နဲ့ နေရာအတော်များများက ကူညီကယ်ဆယ်ရေးသမားတွေ လာရောက်ကူညီနေပေမဲ့ ပိတ်မိနေသူတွေ၊ အကူအညီတောင်းသူတွေများနေဆဲဖြစ်ပါတယ်။

စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့ရဲ့ စိုးရိမ်ရေမှတ်ထက် ခြောက်ပေခွဲကျော် မြင့်တက်နေတယ်လို့ စစ်ကောင်စီ မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနက စက်တင်ဘာ ၁၄ ရက်နေညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org