တောင်တွင်းကြီး လွှတ်တော်အမတ်ရဲ့ မိသားစုကို စစ်ကောင်စီ ဖမ်းဆီး
မကွေးတိုင်း တောင်တွင်းကြီးမြို့က မောင်းတိုင် (၁) ရပ်ကွက်နဲ့ အောင်ခိုင်ကျေး ရွာက တရားလွှတ်တော် ရှေ့နေနဲ့ လွှတ်တော်ကိုယ်စားလှယ် အပါအဝင် ဒေသခံ ခြောက်ဦးကို စစ်ကောင်စီက စက်တင်ဘာလ ၁၅ ရက်နဲ့ ၁၆ ရက်မှာ ဖမ်းဆီးသွား တယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2021-09-17
-
-
-
၂၀၂၁ စက်တင်ဘာ ၂ ရက်နေ့က ဖျက်ဆီးခံရတဲ့ မကွေးတိုင်းလွှတ်တော် အမှတ် (၂) ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်ရဲ့ နေအိမ်ကို တွေ့ရစဥ်
Photo: CJ
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့က မောင်းတိုင် (၁) ရပ်ကွက်နဲ့ အောင်ခိုင်ကျေးရွာက တရားလွှတ်တော် ရှေ့နေနဲ့ လွှတ်တော်ကိုယ်စားလှယ် အပါအဝင် ဒေသခံခြောက်ဦးကို စစ်ကောင်စီက စက်တင်ဘာလ ၁၅ ရက်နဲ့ ၁၆ ရက်မှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၁၅ ရက်နေ့မှာ အောင်ခိုင်ကျေးရွာမှာနေတဲ့ အုပ်ချုပ်ရေးမှူးဟောင်း ဦးဇော်ဝင်း၊ စက်တင်ဘာလ ၁၆ ရက်နေ့ ည ၁၂ နာရီ ဝန်းကျင်လောက်မှာ မောင်းတိုင် (၁) ရပ်ကွက်မှာနေထိုင်တဲ့ မကွေးတိုင်းလွှတ်တော် အမှတ် (၂) ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်ရဲ့ ဖခင်ဖြစ်သူ အသက် ၈၄ နှစ်အရွယ် တရားလွှတ်တော်ရှေ့နေ ဦးစိုးမြင့်၊ ဦးနိုင်၊ ဒေါ်တင်တင်မြ၊ မောင်အာကာနိုင်နဲ့ အထက်တန်းရှေ့နေ ဦးမျိုးလှိုင်တို့ကို စစ်ကောင်စီက ဖမ်းသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင် ကတော့ တပ်မတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရကြောင့် ရှောင်တိမ်းနေဆဲဖြစ်ပြီး ဖခင်ဖြစ်သူနဲ့ မိသားစုဝင်တွေကို ပထမအကြိမ် ဖမ်းဆီးခဲ့ ပေမယ့် သြဂုတ်လ ၂၆ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပြီး အခုဒုတိယအကြိမ် ထပ်ဖမ်းတာလို့ မိသားစုနဲ့ နီးစပ်သူ တွေက RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့ကလည်း တောင်တွင်းကြီးမြို့မှာရှိတဲ့ ဦးဝင်းမြင့်လှိုင်ရဲ့နေအိမ်ကို စစ်ကောင်စီ တပ်သားတွေ ဝင်ရောက်ရှာဖွေခဲ့ပြီး လုံခြုံရေးကင်မရာ (CCTV ) အထိုင်စက်ကို ဖြုတ်ယူသွားတာဖြစ်ပါတယ်။
အခုလိုဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ တောင်တွင်းကြီးမြို့မရဲစခန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေကြားခွင့်မရှိဘူးလို့သာ ဖြေဆိုခဲ့ပါတယ်။