လေကြောင်းရန်ကြောင့် သီတင်းကျွတ်ကာလမှာ လူစုလူဝေးမလုပ်ဖို့ AA သတိပေး

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ပွဲတော်ကာလတွေမှာ လူစုလူဝေးမလုပ်ဖို့ AA က ထုတ်ပြန်သတိပေးထားပါတယ်။

တောင်ကုတ်မြို့နယ် ကင်းတောင်ရွာတွင် လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံအချို့အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့က တွေ့ရစဥ်။ Arkan Princess Media Photo

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်က ‌နေ့စဥ်နဲ့အမျှ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် လာမဲ့ သီတင်းကျွတ်နဲ့ တန်ဆောင်မုန်း ပွဲတော်ကာလတွေမှာ လူစုလူဝေးမလုပ်ဖို့ အောက်တိုဘာ ၇ ရက်နေ့ ရက်စွဲနဲ့ AA က ထုတ်ပြန်သတိပေးထားပါတယ်။

နေ့ကြီး၊ ရက်ကြီး ပျော်ပွဲရွှင်ပွဲတွေမှာ လူအများအပြားစုပြီး မြို့ပေါ်ရော ရွာတွေကိုပါ ကားနဲ့လှည့်လည်တာ၊ ဘုန်းကြီးကျောင်းတွေမှာ ဥပုသ်သီလဆောက်တည်တာ၊ လှူဒါန်းတာနဲ့ ပတ်ဝန်းကျင်ဆူညံအောင် အသံချဲ့စက်ဖွင့်တာတွေ မလုပ်ဖို့ AA က ပြောဆိုထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် မလိုလားအပ်တဲ့ အစုလိုက်အပြုံလိုက် သေဆုံးရတာတွေကို ကာကွယ်ဖို့နဲ့ ပြည်သူတွေရဲ့ အသက်အန္တရာယ်ကို စိုးရိမ်တာကြောင့် အခုလို အမိန့်ထုတ်ပြန်ရတာလို့ AA က ပြောပါတယ်။

အောက်တိုဘာလ ၁၀ ရက် မနေ့ညကလည်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ရှစ်ဦး သေဆုံးတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက RFA ကို ပြောပါတယ်။

RFA ရဲ့ စာရင်းတွေအရ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စက်တင်ဘာလ တစ်လအတွင်း ရခိုင်ပြည်နယ် သံတွဲ၊ မောင်တော၊ ပေါက်တော၊ မြေပုံ၊ တောင်ကုတ်၊ ပုဏ္ဏားကျွန်း စတဲ့မြို့နယ်တွေမှာ အရပ်သားတွေနဲ့ အာရက္ခတပ်တော် (AA) ရဲ့ စစ်သုံ့ပန်းတွေ အပါအဝင် လူပေါင်း ၉၃ ဦး သေဆုံးပြီး ခုနစ်ဆယ်နီးပါး ဒဏ်ရာရခဲ့ပါတယ်။

အာရက္ခတပ်တော် (AA) ဟာ ရခိုင်ပြည်နယ် ၁၇ မြို့ နယ်ထဲ မြို့နယ် ၁၀ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်၀ မြို့နယ်တွေကို တိုက်ခိုက်သိမ်းပိုက်ထားပြီး လက်ရှိမှာ အမ်း၊ ဂွနဲ့ မောင်တောမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org