တန့်ဆည်မှာ ငါးရက်အတွင်း ရွာရှစ်ရွာမီးရှို့ခံရပြီး တစ်သောင်းကျော် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ ဒီဇင်ဘာလ ၁၂ ရက်နေ့ကနေ ၁၆ ရက်နေ့အတွင်း ရွာပေါင်းရှစ်ရွာကို စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံတစ်သောင်းနီးပါး ထွက်ပြေးနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

တန့်ဆည်မြို့နယ် ပေပင်ချောင်ရွာမှ မီးလောင်ပျက်ဆီးသွားသည့် နေအိမ်အချို့ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ ဒီဇင်ဘာလ ၁၂ ရက်နေ့ကနေ ၁၆ ရက်နေ့အတွင်း ရွာပေါင်းရှစ်ရွာကို စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံတစ်သောင်းနီးပါး ထွက်ပြေးနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ပေချောင်ရွာက အဆောက်အအုံ ၉၇ လုံးပေါ့နော်။ အိမ်ခြေ ၁၄၀ လောက် ရှိတဲ့အထဲမှာ အဲဒီလောက် ပါသွားတာပေါ့။ ထန်းကုန်းကြီးကို ရှို့တာကကျတော့ သူကခြောက်အိမ်ပဲ ကျန်တော့တယ်။ အိမ်ခြေက ၈၅ အိမ် ရှိတာ။ မူးကျင်းစု၊ သာဂရ၊ သာဂလ၊ ထန်းပင်ကုန်း၊ အက်ကြီး၊ ရွာရှည်မြောက်ရွာတို့လည်း အရှို့ခံရတယ်။ အရေအတွက်တော့ တိတိကျကျ မသိရသေးဘူး။ မီးရှို့လို့ ပြေးနေရတဲ့သူက တစ်သောင်းလောက် ရှိတယ်”

အခုချိန်အထိ ခမရ-၃၆၁ နဲ့ ၃၆၉ က စစ်ကြောင်းတွေ ရှိနေသေးတဲ့အတွက် ရွာတွေကို ပြန်မကပ်ရဲသေးတာကြောင့် ထိခိုက်မှုအခြေအနေကို အသေးစိတ် မပြောနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့က ထန်းကုန်ကြီးရွာကို မီးရှို့နေတဲ့စစ်ကြောင်းကို ရွှေဘိုခရိုင် တပ်ရင်း (၁၆) က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်က အကျအဆုံး တချို့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၁၄ ရက်နေ့မှာလည်း ရွှေဘိုခရိုင် တပ်ရင်း (၆)၊ တပ်ရင်း (၈)၊ တပ်ရင်း (၁၀) ၊တန့်ဆည် ပကဖတို့နဲ့ စစ်ကောင်စီတပ် တိုက်ပွဲ နှစ်ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက်များတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကလည်း လုံခြုံရေးကိစ္စတွေကို ထုတ်ပြန်လေ့မရှိဘူးလို့ RFA ကို ဖြေဆိုဖူးပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေသခံတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးတာမရှိဘူးလို့ ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ RFA က မေးမြန်းချိန် ငြင်းဆိုထားပါတယ်။

ဒေသတွင်း မီဒီယာတစ်ခုဖြစ်တဲ့ Taze News ရဲ့ အချက်အလက်တွေအရ စစ်အာဏာ သိမ်းပြီးချိန်စပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်အထိ တန့်ဆည်မြို့နယ်အတွင်းမှာ နေအိမ်ပေါင်း ၂၆၄၀ လုံး၊ သာသနိက အဆောက်အအုံကိုးလုံး၊ ကျေးရွာစာကြည့်တိုက် တစ်ခု၊ ကျေးရွာဆေးပေးခန်းတစ်ခု မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ဒီဇင်ဘာလ ၃ ရက်ထုတ်ပြန်တဲ့ အစီရင်ခံစာအရ စစ်အာဏာသိမ်းပြီးနောက် ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် စစ်ကိုင်းတိုင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၆၁၆,၅၀၀ ဦး ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org