တန့်ဆည် အထက (၂) ကျောင်းအနီး ပစ်ခတ်မှု တစ်ဦး သေဆုံး
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့၊ အထက (၂) စာသင်ကျောင်းအနားမှာ နိုဝင်ဘာလ ၅ ရက် ဒီနေ့ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားတွေက အနီးအနား ပတ်ဝန်းကျင်ကို ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
- 2021-11-05
-
-
-
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့၊ အထက (၂) စာသင်ကျောင်းအနားမှာ နိုဝင်ဘာလ ၅ ရက် ဒီနေ့ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားတွေက အနီးအနား ပတ်ဝန်းကျင်ကို ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
“ကျောင်းဆိုတော့ စစ်သားတွေက အဲဒီနားမှာ အရပ်ဝတ်တွေနဲ့ ရှိနေတက်ကြတယ်၊ အဲဒီ စောင့်နေတဲ့ စစ်သားတွေကို အဖွဲ့တစ်ခုက ဗုံးနဲ့ခွဲ တိုက်ခိုက်တယ်လို့ကြားတယ်၊ ဗုံးပေါက်သွားတော့ စစ်သားတွေက ရမ်းပစ်တာတွေလုပ်တော့ အဲဒီနားက လူနှစ်ဦး ထိတယ်၊ တစ်ဦးကတော့ သေသွားတယ်၊ တစ်ဦးကတော့ ဒဏ်ရာရတာပေါ့၊ စစ်သားအချို့လည်း ဒဏ်ရာရတယ်ကြားတယ် ” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီဖောက်ခွဲမှုကို တန့်ဆည်မြို့မှာရှိတဲ့ Myanmar Defense Force (Taze –Tiger) အဖွဲ့က လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဒီကနေ့မှာပဲ သတင်းထုတ်ပြန်ထားပါတယ်။
တန့်ဆည်မြို့ လမ်းဆုံက အထက (၂) ကျောင်းအနားမှာ ကားအဖြူနဲ့ ကင်းပုန်း ချစောင့်နေတဲ့ စစ်ကောင်စီ တပ်သားတွေကို မိုင်းအကြီးနှစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့လည်း Taze Tiger အဖွဲ့က ဆိုပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာလည်း ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်မှာရှိတဲ့ အထက (၂) ကျောင်းကို သွားဖို့ မြောက်ဥက္ကလာပမြို့နယ် နေအိမ်ကနေ အငှားယဉ်တက္ကစီနဲ့ ထွက်လာတဲ့ အထက်တန်းပြ ဆရာမတစ်ဦး မီးပွိုင့်မိနေချိန်မှာ ပစ်သတ်ခံခဲ့ရပါတယ်။
နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး မြို့နယ် ၄၆ မြို့နယ်ကလွဲလို့ တစ်နိုင်ငံလုံးက ကျန်တဲ့ မြို့နယ်တွေမှာရှိတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအပါအဝင် အခြေခံပညာ စာသင်ကျောင်းတွေကို ပြန်လည်ဖွင့်လှစ် ရမယ်လို့ စစ်ကောင်စီက အမိန့်ထုတ်ပြန်ထားပြီး ကျောင်းတွေမှာလည်း လုံခြုံရေးတွေချထားပါတယ်။