တယ်လီဂရမ်အပါအဝင်ကုမ္ပဏီ ၂၈ ခုကို Burma Campaign UK က အမည်ပျက်စာရင်းသွင်း

မြန်မာစစ်တပ်နဲ့ ဆက်နွယ်နေတဲ့ နိုင်ငံခြားကုမ္ပဏီ ၂၈ ခုကို Burma Campaign UK အဖွဲ့က အမည်ပျက် စာရင်းထဲ တိုးချဲ့သတ်မှတ်လိုက်ပါတယ်။

Telegram messenger အပလီကေးရှင်းကို စမတ်ဖုန်းတစ်လုံးမှာ တွေ့ရစဉ်

မြန်မာစစ်တပ်နဲ့ ဆက်နွယ်နေတဲ့ နိုင်ငံခြားကုမ္ပဏီ ၂၈ ခုကို ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ့ အရေး ဆောင်ရွက်နေတဲ့ Burma Campaign UK အဖွဲ့က အမည်ပျက်စာရင်းထဲ တိုးချဲ့ သတ်မှတ်လိုက်ပါတယ်။ ဒါကြောင့် သူတို့အဖွဲ့က သတ်မှတ်တဲ့ အမည်ပျက်စာရင်းမှာ စုစုပေါင်း ကုမ္ပဏီ ၁၁၆ ခုရှိပြီလို့ ဒီနေ့ မတ်လ ၁ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုထပ်တိုးလိုက်တဲ့စာရင်းထဲမှာ မြန်မာတွေ နောက်ပိုင်းအသုံးများလာတဲ့ Telegram လည်း ပါဝင်သွားပါတယ်။ သတင်းစကားတွေ ပေးပို့နိုင်အောင် ဝန်ဆောင်မှုပေးတဲ့ တယ်လီဂရမ်ဟာ စစ်တပ်ရဲ့ဝါဒဖြန့်ချီချက်တွေ လုပ်နေတဲ့သူတွေကို လက်ခံနေတာ၊ အမုန်းစကားဖြန့်နေတာကို ခွင့်ပြုထားတာကြောင့်လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ အင်တာနက်ဝဘ်ဆိုဒ်တွေ လုပ်ခွင့်ပေးထားတဲ့ အမေရိကန် အခြေစိုက် Sectigo နဲ့ Online NIC ကုမ္ပဏီတို့လည်း အမည်ပျက်စာရင်းထဲ ထည့်သွင်းခံလိုက်ရပါတယ်။ အဲဒီ အပြင် ဂျပန်ကုမ္ပဏီတွေဖြစ်တဲ့ KDDI Corporation, Daiwa House, and the Japan Bank for Overseas Co-operation တို့လည်း စစ်တပ်ပိုင်မြေတွေမှာ ဆောက်နေတဲ့ စီမံကိန်းတွေမှာ ပါဝင်ပတ်သက်မှုနဲ့ အမည်ပျက်စာရင်း သွင်းခံရပါတယ်။

ဒီတစ်ခေါက် အမည်ပျက်စာရင်း သွင်းခံရတဲ့ ကုမ္ပဏီတွေက တရုတ်၊ ရုရှား၊ ဗီယက်နမ်၊ ထိုင်း၊ အိန္ဒိယ၊ ဟောင်ကောင်၊ စင်ကာပူ၊ တူရကီ၊ ယူအေအီး၊ ဂျပန်၊ ကနေဒါ၊ အမေရိကန်၊ စုစုပေါင်း ၁၂ နိုင်ငံက ဖြစ်ပါတယ်။ ကုမ္ပဏီ ၂၈ ခုထဲမှာ ဂျပန်နိုင်ငံက ကုမ္ပဏီ ၈ ခု၊ ဗီယက်နမ်က ၈ ခုနဲ့ အမေရိကန်က ၃ ခု ပါဝင်ပါတယ်။

Burma Campaign UK အဖွဲ့က ဒီလှုပ်ရှားမှုကို ၂၀၁၈ ခုနှစ်ကတည်းက စတင်ဆောင်ရွက် နေပြီး တဖြေးဖြေးချင်း စာရင်းအသစ်တွေ တိုးချဲ့ထုတ်ပြန်နေတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org