မြန်မာနိုင်ငံမှာ ဆက်လက်ရပ်တည်ရေး အလားအလာတွေကို သုံးသပ်နေတယ်လို့ တယ်လီနောပြော
မြန်မာနိုင်ငံရဲ့ အကြီးဆုံး မိုဘိုင်းနဲ့ အင်တာနက်ဆက်သွယ်မှု ကုမ္ပဏီတစ်ခုဖြစ်တဲ့ တယ်လီနောမြန်မာ ကနေ ဆက်သွယ်ရေးလုပ်ငန်းတွေကို ရောင်းချပြီး ထွက်ခွာသွားတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ တကယ်လို့ အဲဒီလိုသာ တယ်လီနောထွက်ခွာသွားမယ်ဆိုရင် သုံးစွဲသူတွေအတွက် လုံခြုံစိတ်ချရတဲ့ ဖုန်းအော်ပရေတာ ရွေးချယ်စရာ လျော့နည်းသွားမှာဖြစ်တယ်လို့ သုံးစွဲသူတွေက ပြောဆိုကြပါတယ်။
-
အေးအေးမွန် (အော်စလို)
2021-07-02 -
-
-
မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းနဲ့ အင်တာနက် ဝန်ဆောင်မှုပေးနေတဲ့ နော်ဝေနိုင်ငံ အခြေစိုက် တယ်လီနောဟာ သူ့ရဲ့ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းတွေကို ပြန်ရောင်းထုတ်ဖို့ ဝယ်ယူသူကို ရှာဖွေနေတယ်လို့ TMT Business မီဒီယာက ဇွန် ၁ ရက်မှာ ဖော်ပြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှာရှိတဲ့ တယ်လီနောကုမ္ပဏီကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေတွေအရ တယ်လီနောလုပ်ငန်းစုဟာ နိုင်ငံတွင်းမှာ ဆက်လက် ရပ်တည်ခြင်းနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေရှိတဲ့ အလားအလာတွေကို သုံးသပ်နေဆဲဖြစ်တာကြောင့် တယ်လီနော လုပ်ငန်းစုအနေနဲ့ ဘယ်သဘောထားမှတ်ချက်ကိုမှ ထပ်မံထုတ်ပြန်ဖို့ မရှိသေးဘူးလို့ အီးမေးလ်ကနေတစ်ဆင့် ပြန်လည်ပြောကြားခဲ့ပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ ဆက်သွယ်ရေး အော်ပရေတာတွေထဲမှာ သုံးစွဲသူတွေအတွက် လုံခြုံစိတ်ချမှု အများဆုံးရှိတာကြောင့် တယ်လီနောကို သုံးနေတာဖြစ်တယ်လို့ သုံးစွဲသူတွေက ပြောပါတယ်။
စစ်အာဏာရှင်လက်အောက်မှာ ဖုန်းပြောနေရင်း ခိုးနားထောင်ခံရပြီး လုံခြုံမှုကျိုးပေါက်မှာကို စိတ်ပူနေကြ တာပါ။
အဲဒီအထဲမှာမှ တယ်လီနောက အာမခံချက် ပေးနိုင်တဲ့အတွက် ဒါမရှိတော့ရင် တခြား ဘယ်အော်ပရေတာတွေ ကို ယုံကြည်ရမလဲဆိုတာ စဉ်းစားရခက်တယ်လို့ မိတ္တီလာမြို့က ကိုအောင်နေပိုင်က ပြောပါတယ်။
"ပြည်သူတွေရဲ့အခွင့်အရေး သုံးစွဲသူတွေရဲ့အခွင့်အရေးကို ကာကွယ်ပေးနိုင်သူကိုတော့ မျှော်လင့်ရတာ ပေါ့။ ကိုယ်က ဘာအော်ပရေတာပဲ သုံးနေ၊ သုံးနေ အမြဲတမ်း တစ်စုံတစ်ခုခုကနေ စောင့်ကြည့်နေသလား ဆိုတာ ခံစားနေရတာပေါ့။ ဒါက ကိုယ်တင်မဟုတ်ဘူး။ ဘယ်အော်ပရေတာမဆို သုံးတဲ့သူတိုင်း ခံစားချက် ရှိတယ်။ အဲဒီထဲမှာမှ တယ်လီနောက အာဏာသိမ်းပြီးတဲ့နောက်ပိုင်း သူတိုက ဘယ်လိုမျိုး ကျနော်တို့ လုံခြုံရေးကို ဘယ်လောက်အထိ လုပ်ပေးနေပါတယ်ဆိုတာကို သိရတာ အဲဒီအပေါ်မှာတော့ Safe ဖြစ်တာပေါ့ဗျာ။ အခု ထွက်သွားတော့မယ်ဆိုတော့ ဒီဟာမရှိတော့ဘူးဆိုတဲ့ နောက်ပိုင်းမှာ ဘယ်လောက် ယုံကြည်လို့ရမလဲဆိုတာ မျှော်လင့်လို့ မရဘူး။"
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေနဲ့အတူ တစ်သားတည်းရှိနေတဲ့ ဒီလိုလုပ်ငန်းတွေ ထွက်ခွာသွားရင်တော့ ရွေးချယ်စရာ နည်းသွားမှာဖြစ်တဲ့အတွက် စိတ်မကောင်းဘူးလို့ မွန်ပြည်နယ် မော်လမြိုင်မြို့က တယ်လီနော သုံးစွဲသူ ကိုမျိုးအောင်က ပြောပါတယ်။
"ပြည်သူတွေနဲ့ တစ်သားတည်း အတတ်နိုင်ဆုံးနေဖို့ ကြိုးစားတာ တယ်လီနောပေါ့လေ။ ဒါမြင်သာတဲ့ အချက်ပေါ့။ ဒီလိုမျိုး ကုမ္ပဏီက ဒီနိုင်ငံက ထွက်သွားမယ်ဆိုရင် ကျန်ခဲ့တဲ့ဟာတွေက ရွေးချယ်စရာလည်း နည်းသွားပြီ။ ကျန်တဲ့ဟာတွေကလည်း ကြိုက်တာ မဟုတ်ဘူးလေ။ ဒါကတော့ နားလည်ပါတယ်။ ဒီအချိန်မှာ မြန်မာနိုင်ငံမှာက မသေချာ၊ မရေရာတဲ့ အခြေအနေရယ်၊ အနာဂတ်တွေ ရှိသေးတဲ့အခါ ကျတော့ ဘယ်သူမှ ရင်းနှီးမြှုပ်နှံချင်မှာ မဟုတ်ဘူး။ ကျနော်တို့က ကျန်ခဲ့တဲ့ နှစ်ခုထဲက ဘယ်ဟာကို ရွေးချယ်ရဦးမလဲ စဉ်းစားရဦးမှာပေါ့လေ။ တယ်လီနောလိုပဲ ပြည်သူတွေနဲ့ တစ်သားတည်းရှိတဲ့ တခြားဟာတွေလည်း ထွက်သွားမှာတွေရှိတော့ ကျနော်တို့လည်း စိတ်တော့မကောင်းပါဘူး။"
စစ်တပ် အာဏာသိမ်းပြီးနောက် အနောက် ဥရောပနိုင်ငံတွေက စစ်တပ်ခေါင်းဆောင်တွေ အပါအဝင် သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဒဏ်ခတ်ပိတ်ဆို့တာတွေ ပြုလုပ်နေပါတယ်။
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ သူတို့အနေနဲ့ အထီးမကျန်ဖို့ တရုတ်၊ ရုရှားတို့နဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ သူ့ရဲ့ ရုရှားခရီးစဉ်အတွင်း RIA သတင်းဋ္ဌာနနဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။
TMT Business မီဒီယာရဲ့ ရေးသားချက်ထဲမှာတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တယ်လီနော မိုဘိုင်းဆက်သွယ်ရေးအပေါ် ဆိုးဝါးတဲ့ ကန့်သတ်ချက်တွေရှိလာပြီး ဈေးကွက်လည်း ကျဆင်း ခဲ့တဲ့ အကြောင်း၊ မြန်မာနိုင်ငံကို နိုင်ငံတကာက စီးပွားရေးအရ ဒဏ်ခတ်ထားတာကြောင့် တခြား ဆက်သွယ်ရေး ကုမ္ပဏီတွေက ဝယ်မှာမဟုတ်တဲ့အတွက် တရုတ် ကုမ္ပဏီတွေကို ကမ်းလှမ်းထားတဲ့ အကြောင်း ဖော်ပြထားပါတယ်။
"စစ်ဘက်ကဟာတွေကိုင်ရင်တော့ လုံခြုံရေးအတွက် ထိန်းချုပ်ပြီးတော့ စကားတွေ နားထောင်တာတို့ ဟက်ပြီး နားထောင်တာတို့ဆို လုံခြုံမှု မရှိဘူးလို့ ထင်တယ်လေ။ အဲဒါဆိုရင်တော့ မသုံးတော့ဘူးပေါ့"
တယ်လီနောကို လက်ပြောင်းယူမယ့်သူက ဘယ်သူလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပြီး လုံခြုံမှုမရှိဘူး ထင်ရင်တော့ ဆက်သုံးတော့မှာ မဟုတ်ဘူးလို့ ရန်ကုန်မြို့က ကိုမိုးကျော်စိုးက ပြောပါတယ်။
"ဘယ်သူကိုင်လဲ၊ ဒီဟာက ဘယ်သူဝယ်ပြီး ဘယ်သူ့အောက် ရောက်သွားမလဲဆိုတာ တစ်ချက် ကြည့်ရမှာပေါ့။ စစ်ဘက်ကဟာတွေကိုင်ရင်တော့ လုံခြုံရေးအတွက် ထိန်းချုပ်ပြီးတော့ စကားတွေ နားထောင်တာတို့ ဟက်ပြီး နားထောင်တာတို့ဆို လုံခြုံမှု မရှိဘူးလို့ ထင်တယ်လေ။ အဲဒါဆိုရင်တော့ မသုံးတော့ဘူးပေါ့။ ကိုင်တဲ့သူပေါ် မူတည်တယ်လေ။ ကိုင်တဲ့သူက စိတ်ချရတဲ့သူဆိုရင် ဆက်ကိုင်မယ်။ စိတ်မချရဘဲ ဟိုဘက်အောက်ထဲ ရောက်သွားရင်တော့ မကိုင်တော့ဘူး။"
တယ်လီနောဟာ မြန်မာနိုင်ငံမှာ အကြီးဆုံး မိုဘိုင်းနဲ့ အင်တာနက် ဝန်ဆောင်မှုတစ်ခုထဲမှာ ပါဝင်ပြီး ပြည်တွင်းအပြင် ပြည်ပ အာရှ ၁၂ နိုင်ငံ၊ ဥရောပ ၁၄ နိုင်ငံ ဖုန်းခေါ်ဆိုမှု ဝန်ဆောင်မှုတွေကိုပါ ထည့်သွင်းထားတာပါ။
ပြည်ပကို ရောက်တဲ့အခါမှာလည်း တယ်လီနောကို သုံးရတာ အဆင်ပြေနေပေမယ့် နောက်ပိုင်းမှာတော့ တယ်လီနောရဲ့လုပ်ငန်းကို ဝယ်ယူသူ အပေါ်မူတည်ပြီး ပြောင်းလဲသွားနိုင်တယ်လို့လည်း စီးပွားရေး ပညာရှင်တချို့က မှတ်ချက်ပေးပါတယ်။
နိုင်ငံတိုးတက်ဖို့အတွက် ပြည်ပ ရင်းနှီးမြှုပ်နှံတာတွေ မလာဘဲ ပြန်ထွက်ခွာသွားတာတွေ ရှိတဲ့အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေအတွက် ယုံကြည်မှု လျော့ကျနိုင်တယ်လို့ စီးပွားရေးကျွမ်းကျင်သူ ဒေါက်တာ စိုးထွန်း က ပြောပါတယ်။
"ဘယ်လိုပဲဖြစ်ဖြစ် တယ်လီနောက ကုမ္ပဏီကြီးထဲမှာ ပိုပြီး လူသိများတာပေါ့ဗျာ။ အခုတော့ ဘယ်သူက ဝယ်မယ် မသိသေးတော့ အဲဒီပေါ်မှာပဲ မူတည်မှာပေါ့နော်။ တိုင်းပြည်တိုးတက်ဖို့က ပြည်ပ ရင်းနှီးမြှုပ်နှံသူ တွေလာတော့ ပိုကောင်းတာပေါ့နော်။ မလာဘဲနဲ့ ထွက်ခွာသွားတဲ့အခါကျတော့ အလုပ်ကိုင်နဲ့ ကျန်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အတွက်လည်း ယုံကြည်မှုလျော့ကျစေတာပေါ့။"
တယ်လီနော မိုဘိုင်းဖုန်းနဲ့ အင်တာနက် ဝန်ဆောင်မှု မြန်မာနိုင်ငံက ထွက်ခွာတော့မယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာ့ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနကို ဇူလိုင် ၂ ရက်မှာ RFA က ဖုန်းနဲ့ ဆက်သွယ် မေးမြန်းပေမယ့် တာဝန်ရှိသူတွေကဖြေဖို့ ငြင်းဆိုပါတယ်။
တယ်လီနောကုမ္ပဏီဟာ ကမ္ဘာ့အကြီးဆုံး မိုဘိုင်အော်ပရေတာတွေထဲက တစ်ခုဖြစ်ပြီး သုံးစွဲသူပေါင်း သန်း ၁၈၀ ရှိပါတယ်။ မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့ပြီး တစ်နိုင်ငံလုံး သုံးစွဲသူပေါင်း ၁၇ သန်း ရှိတယ်လို့ တယ်လီနောက ထုတ်ပြန်ထားပါတယ်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT ကတော့ သုံးစွဲသူ ၂၃ သန်း၊ Mytel ၁၀ သန်းနဲ့ အူရီဒူး ၁၅ သန်းဝန်းကျင် ရှိပါတယ်။
မြန်မာနိုင်ငံမှာ တယ်လီနော၊ အူရီဒူး၊ MPT နဲ့ Mytel စတဲ့ အော်ပရေတာတွေက မိုဘိုင်းနဲ့ အင်တာနက် ဝန်ဆောင်မှုပေးနေတာဖြစ်ပြီး Mytel ကတော့ စစ်တပ်ပိုင် စီးပွားရေးနဲ့ ဆက်စပ်နေတာကြောင့် အသုံးမပြု ကြဖို့ နှိုးဆော်ခံထားရတဲ့ အော်ပရေတာတစ်ခု ဖြစ်ပါတယ်။