ရဲကင်းစခန်း ၃ဝ တိုက်ခိုက်ခံရ

မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေထဲက လုံခြုံရေး ရဲကင်းစခန်း ၃၀ ကို အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားတွေက ဒီနေ့ သြဂုတ်လ ၂၅ရက် မနက် ၁ နာရီလောက်မှာ တပြိုင်နက်တည်း တိုက်ခိုက်ခဲ့တဲ့ အတွက် ကျဆုံးသူ ၁၂ ဦး ၊ ဒဏ်ရာရသူ ၁၁ ဦး ရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ ညနေပိုင်း ၃နာရီခွဲလောက် ထုတ်ပြန်ချက်အရ သိရပါတယ်။

အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားတွေ ရွာတွေက နေအိမ်တွေကို မီးရှို့ဖျက်ဆီးထားစဉ် Photo: State Counsellor Office Information Committee's Facebook

မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေထဲက လုံခြုံရေး ရဲကင်းစခန်း ၃၀ ကို အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားတွေက ဒီနေ့ သြဂုတ်လ ၂၅ရက် မနက် ၁ နာရီလောက်မှာ တပြိုင်နက်တည်း တိုက်ခိုက်ခဲ့တဲ့ အတွက် ကျဆုံးသူ ၁၂ ဦး ၊ ဒဏ်ရာရသူ ၁၁ ဦး ရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ ညနေပိုင်း ၃နာရီခွဲလောက် ထုတ်ပြန်ချက်အရ သိရပါတယ်။

ဘူးသီးတောင်မြို့နယ် တောင်ဘဇာရွာစခန်းမှူး ရဲအုပ်ထွန်းနိုင်က သူတို့နဲ့ရင်ဆိုင်ဖြစ်ခဲ့တဲ့ အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမား ၆၀၀ လောက်ရှိတယ်လို့ အာအက်ဖ်အေကို ပြောပါတယ်။

"ဒီကနေ့ ၁၂ နာရီကျော် တစ်နာရီလောက်မှာ ဒီကောင်တွေက လူအုပ်နဲ့ ၅၀၀ ၊ ၆၀၀ လောက်ရှိတယ်၊ လူအုပ်နဲ့ဝင်လာတယ်၊ လူအုပ်နဲ့ဝင်လာတဲ့အတွက် ကျနော်တို့ရှင်းလင်းခဲ့ရတယ်၊ သူတို့က ဒဏ်ရာရ တာလည်း ရှိမယ်နဲ့တူတယ်။ ကျနော်တို့ကလည်း စစ်တပ်နဲ့ တစ်နာရီခွဲလောက်ကို ခံပြီးပစ်ရတယ်။ ဒီကောင်တွေက ၅ဝဝ၊ ၆၀၀ တောင်မကလောက်ဘူး၊ ဒီကောင်တွေက အော်အော်ပြီးတော့ ဝိုင်းလာကြတယ်"

တောင်ဘဇာကျေးရွာက ကျေးရွာသား ၂၀၀ ကျော်လောက်ဟာလည်း လုံခြုံရေး စိုးရိမ်ရတာကြောင့် ခမရ ၅၅၂ ဝင်းထဲမှာ ခိုလှုံနေကြရတယ်လို့လည်း ရဲအုပ်ထွန်းနိုင်က ပြောပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ထုတ်ပြန်ချက်အရ ကျဆုံးသွားသူတွေဟာ တပ်မတော်သား ၁ ဦး၊ ရဲတပ်ဖွဲ့ ၁ဝ ဦးနဲ့ ဒုလဝကမှူး ၁ ဦးဖြစ်ပါတယ်။ တိုက်ခိုက်ခံရမှုကြောင့် လက်နက် ၆ လက်ဆုံးရှုံးသွားပြီး အစွန်းရောက် ဘင်္ဂလီ  အကြမ်းဖက်သမား ၅၉ ဦးရဲ့ အလောင်းကို ရရှိထားတယ်လို့ ထုတ်ပြန်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်ချက်အရ မောင်တောမြို့နယ် နတ်ချောင်းရဲကင်းစခန်းကို အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမား အင်အား ၃၀၀ လောက်က မနက် ၉နာရီ ၄၅ မိနစ်လောက်နေ ညနေပိုင်းအထိ ဝိုင်းဝန်း တိုက်ခိုက်နေတဲ့အတွက် တပ်မတော်စစ်ကြောင်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပူးပေါင်းခုခံနေတယ်လို့ သိရပါတယ်။

လုံခြုံရေးအခြေအနေအရ မောင်တောနဲ့ ဘူးသီးတောင်ကို ဆက်သွယ်သွားလာတဲ့ ကားလမ်းမကြီးကို ယာယီ ပိတ်ထားပြီး မောင်တောမြို့ပေါ်က ဈေးနဲ့ အစိုးရရုံးတွေ၊ စာသင်ကျောင်းတွေကိုပါ ပိတ်ထားတယ်လို့ ဒေသခံတွေ ကပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org