ငါန်းဇွန်မြို့နယ် PDF ယာယီအထိုင်စခန်းတစ်ခု စီးနင်းခံရ
TGYR ယာယီစခန်းကို စစ်ကောင်စီတပ်တွေစီးနင်းခဲ့လို့ လက်နက်ကျည်အပါအဝင် သိန်း ၁၅၀ နီးပါး ဆုံးရှုံးခဲ့တယ်လို့ ပြောပါတယ်။
-
RFA Burmese
2023-05-28 -
-
-
မန္တလေးတိုင်း၊ ငါန်းဇွန်းမြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ TGYR လို့အမည်ပေးထားတဲ့ Youth Guerrilla Counter Revolution ရဲ့ ယာယီအထိုင်စခန်းကို မေလ ၂၆ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်တွေစီးနင်းခဲ့လို့ လက်နက်ကျည်အပါအဝင် ငွေကျပ် သိန်း ၁၅၀ နီးပါး ဆုံးရှုံးခဲ့တယ်လို့ အဲဒီအဖွဲ့ခေါင်းဆောင် ကိုအီကိုက ပြောပါတယ်။
မေလ ၂၆ ရက် မနက်အစောမှာ မြောင်မြို့နယ်၊ ထုံးကြိုင်ရွာအနီးမှာရှိတဲ့ TGYR ယာယီစခန်းမှာ နောက်ချန်အင်အားနည်းနေချိန် ဝင်စီးခံခဲ့ရတာလို့ ကိုအီကိုက RFA ကိုပြောပါတယ်။
"ကျွန်တော်တို့က ငါန်းဇွန်မြို့နယ်အခြေစိုက်ပဲ။ ဒါပေမဲ့ ယာယီအထိုင်စခန်းကိုတော့ မြောင်နယ်ဘက်မှာ လုပ်ထားတယ်။ အဲဒီယာယီအထိုင်စခန်းမှာက လက်နက်ပစ္စည်းတွေ အများဆုံးထားတယ်။ အဲဒီစခန်းအစီးခံရတာ။ နေရာအတိအကျနဲ့ကို လာသွားတာ။ သတင်းပေးတွေကြောင့်လည်းဖြစ်တယ်"
ယာယီအထိုင်စခန်းစီးနင်းခံရလို့ AK ကျည် ၄၁ တောင့်၊ ၅.၅၆ ကျည် ၂၅၀ တောင့်၊ ၉ လုံးကျည် ၂၄၇ တောင့်အပါအဝင် လက်နက်ဆက်စပ်ပစ္စည်းတွေနဲ့ ရိက္ခာတွေလည်း သိမ်းဆည်းခံလိုက်ရတယ်လို့ ဆိုပါတယ်။
စခန်းစီးနင်းခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ မြောင်မြို့နယ် ကျောက်ရစ်အထိုင်စခန်းက အင်အား ၅၀ ခန့်ပါ စစ်ကြောင်းဖြစ်တယ်လို့ ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ စခန်းစီးနင်းမှုနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
လက်နက်ကိုင် ခုခံတော်လှန်မှုအားကောင်းတဲ့ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းတို့မှာ PDF စခန်းတွေ မကြာခဏစီးနင်းခံနေရပြီး တပ်ဖွဲ့ဝင်အချို့လည်း သေဆုံးတာနဲ့ ဖမ်းဆီးခံမှုတွေရှိနေတာပါ။