မဲဆောက်က PDF ထောက်ပို့ရုံးကို ထိုင်းအာဏာပိုင်တွေ စီးနင်း

ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်ကုရပ်ကွက်က နွေဦးတမာန် ထောက်ပို့ရုံးခန်းကို ထိုင်းအာဏာပိုင်တွေက ဇွန် ၁၀ ရက် ညနေပိုင်းမှာ ဝင်ရာက်စီးနင်းခဲ့တယ်လို့ ရုံးတာဝန်ခံက ပြောပါတယ်။

ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ နွေဦးတမာန် ထောက်ပို့ရုံးခန်းကို ထိုင်းအာဏာပိုင်များ ၂၀၂၄ ခုနှစ် ဇွန်လ ၁၀ ရက် ညနေပိုင်းက ဝင်ရာက်စီးနင်းခဲ့စဉ်။ Facebook/နွေဦးတမာန် တော်လှန်ရေးထောက်ပို့

ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်ကုရပ်ကွက်က နွေဦးတမာန် ထောက်ပို့ရုံးခန်းကို ထိုင်းအာဏာပိုင်တွေက ဇွန်လ ၁၀ ရက် ညနေပိုင်းမှာ ဝင်ရာက်စီးနင်းခဲ့တယ်လို့ ရုံးတာဝန်ခံက RFA ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ တိုင်ကြားမှုကြောင့် ထိုင်းအာဏာပိုင်တွေက ရုံးခန်းကို ဖျက်သိမ်းခဲ့တာလို့ သူက ပြောပါတယ်။

“ထိုင်းအာဏာပိုင်တွေက စစ်ကောင်စီက တိုင်ကြားမှုကြောင့် ကျွန်တော်တို့ ရုံးခန်းကို လာတယ်။ ရုံးခန်းကို ကျွန်တော့်ခွင့်ပြုချက်မရှိဘဲ အတင်းဝင်ရောက်စီးနင်းတယ်။ ရုံးခန်းမှာ အမြတ်တနိုး ချိတ်ဆွဲထားတဲ့ ဓာတ်ပုံတွေ၊ အလံတွေ၊ ဂုဏ်ပြုမှတ်တမ်းလွှာတွေကို အကုန်ဖြုတ်ခိုင်းတယ်။ ထိုင်းနိုင်ငံမှာ နေထိုင်တဲ့အခါ ကျွန်တော်တို့ ထိုင်းဥပဒေစည်းကမ်းအတိုင်းပဲ သူတို့ပြောတာတွေ အကုန်ထုတ်ပေးတယ်။ ဒါပေမဲ့ အဲဒီမှာ ဘာမပြော ညာမပြောဘဲ ကျွန်တော့်ကို ကန်သွားတယ်"

ရုံးခန်းမှာ ချိတ်ဆွဲထားတဲ့ အလံတွေနဲ့ ဓာတ်ပုံတွေကိုလည်း ဖြုတ်သိမ်းခဲ့သလို ရုံးတာဝန်ခံကိုလည်း ခြေထောက်နဲ့ ကန်ခဲ့တယ်လို့ သူက ပြောပါတယ်။

အခုလို ရုံးခန်း ဖျက်သိမ်းခံရပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအတွက် ထောက်ပို့လုပ်ငန်းတွေ ဆက်လုပ်သွားမယ်လို့ ရုံးတာဝန်ခံက ပြောပါတယ်။

နွေဦးတမာန်ထောက်ပို့အဖွဲ့ဟာ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဖွဲ့စည်းထားပြီး စစ်ကိုင်းတိုင်းအတွင်းက PDF တပ်ဖွဲ့တွေကို အဓိကထား ကူညီနေတာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org