ထိုင်း ကလေးငယ်များ ရံပုံငွေ အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ အားပေး

ထိုင်း မြန်မာ နယ်စပ်က မြန်မာ ဒုက္ခသည် ကလေးငယ်တွေ အတွက် အကူအညီ ပေးနေတဲ့ ဗြိတိန်နိုင်ငံ အခြေစိုက် Thai Children's Trust ထိုင်း ကလေးငယ်များ ရံပုံငွေ အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံအားပေး လိုက်ပါတယ်။

ဗြိတိန်နိုင်ငံ အခြေစိုက် Thai Children's Trust ထိုင်း ကလေးငယ်များ ရံပုံငွေ အဖွဲ့၏ အင်တာနက် စာမျက်နှာပုံ ဖြစ်ပါသည်။ RFA

အဲဒီအဖွဲ့ကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဒေါ်အောင်ဆန်းစုကြည်က - ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ဒုက္ခသည်တွေရဲ့ ကလေးငယ်တွေ အရေး၊ ကလေးငယ်တွေရဲ့ ကံကြမ္မာဟာ အထူးတလည် စိုးရိမ်ဖို့ ကောင်းပါတယ်။ သူတို့တွေမှာ လူတစ်ယောက်၊ နိုင်ငံသား တစ်ယောက် အဖြစ် ရပိုင်ခွင့်တွေ လက်လွတ် ဆုံးရှုံးနေရတဲ့ အပြင်၊ ဟောဒါ တို့ပိုင်တဲ့မြေရယ်လို့ ကမ္ဘာ့ ဘယ်နေရာမှာ ရှိမယ်ဆိုတာ မသေချာဘဲ ဖြစ်နေရပါတယ်။ အဲဒီလို ကလေးငယ်တွေကို ပိုပြီး ကျန်းမာလာအောင်၊ ပိုပြီး ပျော်ရွှင်လာအောင်၊ စိတ်ဓါတ် လုံခြုံမှု ပိုရလာအောင် ဆောင်ရွက်ပေးတာဟာ အင်မတန် မွန်မြတ်တဲ့ အလုပ်ပါ။

ဒါဟာ အရေးပေါ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရုံမျှ သက်သက် မဟုတ်ပါဘူး။ ကျမတို့ တိုင်းပြည်ရဲ့ ရှေ့ရေး အနာဂတ် ပိုမို ကောင်းမွန်လာရေး အတွက်လည်း အားဖြည့် ကူညီနေတာ ဖြစ်ပါတယ်။ ဒီအလုပ်ကို အားကြိုးမာန်တက် ဆောင်ရွက်နေတဲ့ ထိုင်း ကလေးငယ်များ ရံပုံငွေ အဖွဲ့ကို ကူညီနိုင်သူတွေ ကူညီကြစေချင်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဝဏ်လွှာ ကို အဖွဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ ဖတ်ကြားခဲ့ပါတယ်။

Thai Children's Trust ရဲ့ ညွှန်ကြားရေးမှူး Andrew Scadding ကလည်း - ထိုင်း မြန်မာ နယ်စပ်က ဒုက္ခသည် စခန်းတွေမှာ ဒုက္ခသည် အရေအတွက်က ကြောက်ခမန်းလိလိ အမြဲ တိုးပွားနေတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောက်ခံအားပေးမှုဟာ အချိန်သင့် အခါသင့် ဖြစ်ပါတယ်။ ကျေးဇူး အထူး တင်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org