တရားမဝင် အလုပ်သမားတွေ မှတ်ပုံတင်ဖို့ ထိုင်းအစိုးရ နှိုးဆော်
မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား နိုင်ငံသား တရားမဝင် ရွှေ့ပြောင်း အလုပ်သမားတွေ အနေနဲ့ ထိုင်းနိုင်ငံ မှာ မှတ်ပုံတင်ကြဖို့ နောက်ဆုံး အခွင့်အရေး ပေးတဲ့အနေနဲ့ နှိုးဆော်လိုက်ပြီး တကယ်လို့ တရားမဝင် ဆက်ပြီး အလုပ်လုပ်နေမယ် ဆိုရင် မကြာခင်မှာ ဖမ်းဆီးပြန်ပို့ခံရမှာဖြစ်ကြောင်း ထိုင်းအစိုးရက သတိပေးလိုက်ပါတယ်။
-
2011-05-14 -
-
-
တရားမဝင် အလုပ်သမားတွေ အနေနဲ့ လာမယ့် ဇွန်လ ၁၅ ရက်ကနေ ဇူလိုင်လ ၁၄ ရက်နေ့အတွင်း သက်ဆိုင်ရာ အလုပ်သမားရုံးတွေမှာ မှတ်ပုံတင်မယ်ဆိုရင် ရှေ့ဆက်ပြီး တနှစ် နေထိုင်ခွင့်ရမှာ ဖြစ်သလို အသက် ၁၅ နှစ်အောက် အလုပ်သမား မိသားစုဝင်တွေဟာလည်း မိဘတွေနဲ့အတူ အလိုအလျောက် တရားဝင် နေထိုင်ခွင့် ရမှာဖြစ်တယ်လို့ ထိုင်း အလုပ်သမားဝန်ကြီးဌာန အကြီးအကဲ ဆုံခယက်က ပြောဆိုကြောင်း ဒီကနေ့ထုတ် Bangkok Post သတင်းစာမှာ ဖော်ပြထားပါတယ်။
မှတ်ပုံတင်တဲ့ လုပ်ဆောင်ချက် မပြီးသေးဘူးဆိုရင် နောက်ထပ် ရက် (၃ဝ) တိုးပေးမယ်လို့ ဆိုပါတယ်။ မှတ်ပုံ မတင်သူတွေကို အဲဒီရက်နောက်ပိုင်းမှာ တင်းတင်းကြပ်ကြပ် စောင့်ကြည့် ရှာဖွေသွားမယ်လို့လည်း ပြောပါတယ်။
မှတ်ပုံတင်သူတွေ အနေနဲ့ ထိုင်းဘတ်ငွေ ၃၈၈ဝ ကုန်ကျမှာဖြစ်ပြီး အဲဒီထဲမှာ အလုပ်သမား မှတ်ပုံတင်ကြေး အတွက် ၁၉ဝဝ၊ ကျန်းမာရေး စစ်ဆေးခ ၆ဝဝ နဲ့ ကျန်းမာရေးအာမခံ ၁၃ဝဝ ပါဝင်တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံတွင်းက တရားမဝင် အလုပ်သမားတွေကို အခွင့်အရေးတရပ် ပေးတဲ့အနေနဲ့ မှတ်ပုံတင်ခိုင်းဖို့ ဧပြီလ (၂၆) ရက်နေ့က ထိုင်းအစိုးရအဖွဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာ၊ လာအို နဲ့ ကမ္ဘောဒီးယား နိုင်ငံတွေကနေ လာရောက် အလုပ်လုပ်ကိုင်တဲ့ တရားမဝင် အလုပ်သမား ၂ သန်းနီးပါး ရှိတယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။