ထိုင်းမှာ မြန်မာအလုပ်သမား ၂၀၀ နီးပါး အလုပ်ထုတ်ခံရ

ထိုင်းနိုင်ငံ စမုတ်ဆာခွန်ခရိုင် မဟာချိုင်ဒေသ နေဝစ်မှာရှိတဲ့ TYC ပုဇွန်စက်ရုံက ဂျပန်ပြည်ကို တင်ပို့တဲ့ ပုဇွန်ထဲမှာ အပ်တွေ့တယ် ဆိုတဲ့အတွက် မြန်မာ အလုပ်သမား ၂၀၀ နီးပါးကို အလုပ်က ထုတ်ပယ် လိုက်ပါတယ်။

ထိုင်းနိုင်ငံ ဆိပ်ကမ်းတခုတွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အလုပ်လုပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP) AFP

အလုပ်ဖြုတ်ခံရတဲ့ ကိုသန်းအောင်က ပုဇွန်ထဲ အပ်တွေ့တယ်လို့ စာကပ် ထားတာကို မိမိ တွေ့မိခဲ့ကြောင်း၊ မနေ့က အလုပ်ဆင်းပြီး ၂ နာရီခန့် အကြာမှာ စက်ရုံမန်နေဂျာ ဖူးချွေကမ်းက အမျိုးသမီး ၃၀ ခန့် အပါအဝင် အလုပ်သမား ၂၀၀ လောက်ကို အလုပ်က ထုတ်လိုက်ကြောင်း ပြောပါတယ်။

အလုပ်ဖြုတ်ခံရသူတွေဟာ ထိုင်းယူနစ်လို့ခေါ်တဲ့ စက်ရုံဝန်းကျင်မှာ နေထိုင်ပြီး ဒီစက်ရုံမှာ အလုပ်ဆင်းသူတွေလို့လည်း ဒေသခံတစ်ဦးဖြစ်တဲ့ ကိုနိုင်က ပြောပါတယ်။

အခုလို အလုပ်ဖြုတ်တဲ့ အတွက် နစ်နာကြေးအဖြစ် ဘတ်ငွေ ၅၀၀ ပေးမယ်လို့ စက်ရုံက ပြောကြောင်း၊ ဒါပေမယ့် တိုးပေးဖို့ တောင်းတဲ့အတွက် တစ်ယောက်ကို ဘတ်ငွေ ၁၀၀၀ ပေးပြီး ဖြုတ်ခဲ့ကြောင်း သိရပါတယ်။ အလုပ်ဖြုတ်ခံရသူတွေ အနေနဲ့ လတ်တလော ဘာလုပ်ရမှန်း မသိဘဲ အမျိုးသမီး တချို့ကတော့ ငိုယိုကြတယ်လို့ ဆိုပါတယ်။

ထိုင်းအလုပ်သမား ဥပဒေအရ လုပ်သက် လေးလကျော်တဲ့ အလုပ်သမားတွေကို အလုပ်ဖြုတ်မယ် ဆိုရင် နစ်နာကြေး အဖြစ် သုံးလစာ ပေးပြီးမှ အလုပ်က ထုတ်ပယ်ခွင့် ရှိပေမယ့် အလုပ်ရှင် အတော်များများ ကတော့ ဒီဥပဒေကို တိတိကျကျ လိုက်နာတာ မရှိသလောက်ပါပဲလို့ မဟာချိုင် အခြေစိုက် လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း HRDF အဖွဲ့က ကိုစိန်ဌေးကလည်း ပြောပါတယ်။

မဟာချိုင်ဒေသမှာ မြန်မာရွှေ့ပြောင်း အလုပ်သမား သုံးသိန်းခန့် ရှိတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org