ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေ လူသားချင်းစာနာမှုအခက်အခဲကြုံ

ထိုင်းအစိုးရက စခန်းပြင်ပ ထွက်ခွာခွင့် တားမြစ်ထားတာကြောင့် ဒုက္ခသည်တွေဟာ အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးနေရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များအသင်း (FCCT) မှာ ကျင်းပသည့် နယ်စပ်အကူအညီပေးရေး ညွန့်ပေါင်းအဖွဲ့ The Border Consortium (TBC) နှစ် ၄၀ ပြည့်အခမ်းအနား ကျင်းပစဉ်။ Citizen Phot

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်က ဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေဟာ အချိန်ကြာမြင့်လာတာနဲ့အမျှ အခက်အခဲတွေနဲ့ကြုံတွေ့နေရပြီး အနာဂတ်ဘဝ ပျောက်ဆုံးနေတယ်လို့ ဒုက္ခသည်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များအသင်း FCCT မှာ ကျင်းပတဲ့ နယ်စပ်အကူအညီပေးရေး ညွန့်ပေါင်းအဖွဲ့ The Border Consortium (TBC) နှစ် ၄၀ ပြည့်အခမ်းအနားမှာ ဒုက္ခသည်တွေရဲ့အခြေအနေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာပါ။

ထိုင်းအစိုးရက စခန်းပြင်ပ ထွက်ခွာခွင့် တားမြစ်ထားတာကြောင့် ဒုက္ခသည်တွေဟာ အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးရပြီး အနာဂတ် ပျောက်ဆုံးနေရတယ်လို့ ထမ်းမဟင် ဒုက္ခသည်စခန်းက ကြီးကြပ်ရေးမှူး နော်သလေးဖေါက ပြောပါတယ်။

“ဒုက္ခသည်တွေ အနေနဲ့ ဒုက္ခသည် စခန်းမှာ နေနေရတဲ့အခါမှာ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ နေထိုင်နေရတယ်။ သူတို့က အပြင်ထွက်လို့မရဘူး။ လွတ်လွတ်လပ်လပ် သွားလို့မရဘူး။ အလုပ်အကိုင်လည်း ရှာလို့မရဘူး။ အဲဒီအတွက်ကြောင့် သူတို့ရဲ့ ရှင်သန်မှုအပေါ် အများကြီး ကျပ်တည်းစေတယ်။ အနာဂတ်မှာ စည်းမျဉ်းစည်းကမ်း တင်းကျပ်မှုဟာ သူ့ရဲ့ ဆိုးကျိုးသက်ရောက်မှု မရှိစေချင်ဘူး။ တိုင်းပြည်ကို ပြန်လို့မရဘဲ ဒုက္ခသည် စခန်းထဲမှာပဲ ဆက်နေရမယ်ဆိုရင် အလုပ်အကိုင်အခွင့်အလမ်း ရဖို့အတွက် လွတ်လပ်စွာ သွားလာခွင့်ကို လိုချင်တယ်“

ဒါ့အပြင် ဒုက္ခသည်တွေဟာ ကျန်းမာရေး၊ ပညာရေးစတဲ့ အခြေခံ လူ့အခွင့်အရေးရပိုင်ခွင့်တွေ ဆုံးရှုံးနေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ကြုံတွေ့ခံစားနေရတယ်လို့ ဆိုပါတယ်။

ဒီဆွေးနွေးပွဲမှာ မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာ စင်သီယာမောင်၊ ကရင်လူ့အခွင့်အရေးအဖွဲ့၊ ကရင်ဒုက္ခသည်ကော်မတီနဲ့ TBC က တာဝန်ရှိသူတွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာ မယ်လ၊ အုန်းဖျန်၊ မယ်ရာမို၊ မယ်လအူး၊ ဘန့်ဒုံယမ်း၊ ထမ်းမဟင်၊ နို့ဖိုးနဲ့ အမှတ် ( ၁) ( ၂ ) ကရင်နီ ဒုက္ခသည်စခန်း အပါအဝင် စခန်းပေါင်း ကိုးခုရှိပြီး လူတစ်သိန်းကျော် နေထိုင်နေပါတယ်။ ဒီစစ်ဘေးဒုက္ခသည်တွေဟာ အရင်ကထက် လူသားချင်းဆိုင်ရာ စာနာထောက်ထားမှုဆိုင်ရာ အခက်အခဲတွေ ပို ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org