ဒုက္ခသည်များကို ပြန်မပို့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောကြား

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Mr Kasit Piromya ဟာ အောက်တိုဘာ ၂၂ ရက် ဒီကနေ့ ထိုင်း-မြန်မာနယ်စပ်က မြန်မာနိုင်ငံသား ဒုက္ခသည် ၅ သောင်းကျော် ရှိတဲ့ မယ်လ ဒုက္ခသည်စခန်းကို လာရောက်တယ်လို့ သိရှိရပါတယ်။

ထိုင်းမြန်မာနယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းတွင် အစားအသောက် ခွဲတမ်းအတွက် တန်းစီနေကြသော မြန်မာ တိုင်းရင်းသား ဒုက္ခသည်များ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ ဌာနေက ခုလိုပြောပါတယ်။ ဝန်ကြီးဟာ မြန်မာနဲ့ နယ်ချင်းကပ်နေတဲ့ နယ်စပ်ဒေသကို သွားတာဖြစ်ကြောင်း၊ ဒီခရီးစဉ်မှာ ထိုင်းနိုင်ငံမှာ လာရောက် နေထိုင်နေတဲ့ ဒုက္ခသည်တွေအရေးကို ဆောင်ရွက်နေတဲ့ NGO အဖွဲ့များနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ သူက ပြောပါတယ်။

ဝန်ကြီးဟာ မယ်လ ဒုက္ခသည်စခန်းကို မွန်းလွဲ၃နာရီမှာ ရောက်ရှိခဲ့တာပါ။ စခန်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ပြီး စခန်းကော်မတီဝင်များနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဟာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံစဉ် ဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်ဆိုတဲ့ သတင်းဟာ မဟုတ်မမှန်ကြောင်း ပြောဆိုခဲ့ပါတယ်။

စခန်းအတွင်း ဒုက္ခသည်များ ပညာသင်ကြားရေး အပါအဝင် ကျန်းမာရေး ပြုစုစောင့်ရှောက်မှုနဲ့ အသက်မွေးမှုအတွက် သင်တန်းများ ပို့ချပေးရေး အစီအစဉ်များကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဝန်ကြီးးဟာ ညနေပိုင်း ၅နာရီမှ စခန်းက ပြန်လည်ထွက်ခွာသွားတယ်လို့ သိရှိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org