ထိုင်းရောက် မြန်မာတစ်ဦး ရက်ရက်စက်စက်သတ်ဖြတ်ခံရ

သံသယရှိတဲ့သူ အိန္ဒိယနိုင်ငံသားနှစ်ဦးဟာ နေ့တွင်းချင်း ထိုင်းနိုင်ငံကနေ အိန္ဒိယနိုင်ငံ ချင်နိုင်းမြို့ကိုထွက်ပြေးသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

လူသတ်မှုသံသယရှိသူ အိန္ဒိယနိုင်ငံသားနှစ်ဦး ရေခဲသေတ္တာသွားဝယ်နေသည်ကို လုံခြုံရေးကင်မရာမှတ်တမ်းမှ တွေ့ရစဉ်။ Photo: Khaosod

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံဘက်အလုပ်လုပ်ဖို့ရောက်လာတဲ့ အမျိုးသားတစ်ဦး ခန္ဓာကိုယ်အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်ခံထားရတာကို ထိုင်းရဲတပ်ဖွဲ့က တွေ့ရှိခဲ့တယ်လို့ ဒီနေ့ထုတ်ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။

သတင်းပေးတိုင်ကြားချက်ကြောင့် ဘန်ကောက်မြို့တောင်ဘက် ဘန်ခွန်တီယန်မြို့နယ် မှာရှိတဲ့ နေအိမ်တစ်ခုထဲကို ရဲတပ်ဖွဲ့က ဝင်ရှာချိန်မှာ ရေခဲသေတ္တာတစ်လုံးထဲ ထည့်ထားတဲ့အလောင်းကို တွေ့ခဲ့ရတာပါ။

သေဆုံးသူ ဘယ်သူဘယ်ဝါဆိုတာကိုတော့ ထုတ်ပြန်တာမရှိသေးပါဘူး။ အသတ်ခံရတဲ့သူ အပါအဝင် မြန်မာနိုင်ငံသားခြောက်ယောက်ဟာ အလုပ်ရှာပေးမယ်ဆိုတဲ့ အိန္ဒိယနိုင်ငံသား ပွဲစားတစ်ဦးနဲ့အတူ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့က နယ်စပ်ကနေ ဝင်လာတာလို့ မျက်မြင်တွေ့ရှိသူတွေကို ကိုးကားပြီး သတင်းက ဖော်ပြပါတယ်။

ရောက်လာတဲ့သူ ခြောက်ယောက်ထဲမှာ ငါးယောက်ကအလုပ်ရသွားပြီး၊ အဲဒီအလုပ်ရတဲ့ ငါးယောက်ဟာလည်း တစ်ယောက်ကို ထိုင်းဘတ်ငွေခုနစ်ထောင်စီ ပွဲစားခပေးခဲ့ရတယ်လို့ဆိုပါတယ်။

အသတ်ခံရတဲ့သူကတော့ အလုပ်မရသေးဘဲ အဲဒီအိန္ဒိယပွဲစားပိုင်တဲ့ တိုက်ခန်းထဲမှာပဲ နေနေရတာဖြစ်ပြီး၊ နောက်ဆုံးမှာ သတ်ဖြတ်ခံလိုက်ရတာပါ။

ဒီအမှုမှာ သံသယရှိတဲ့သူ အိန္ဒိယနိုင်ငံသားနှစ်ဦးဟာ နေ့တွင်းချင်း ထိုင်းနိုင်ငံကနေ အိန္ဒိယနိုင်ငံ ချင်နိုင်းမြို့ကိုထွက်ပြေးသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီနှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ရက်ပိုင်းအတွင်း ဖော်ထုတ်နိုင်ခဲ့ပြီး၊ သူတို့တွေကို အမြန်ဆုံးဖမ်းပေးဖို့ အိန္ဒိယသံရုံးဘက်ကို အကြောင်းကြားထားတယ်လို့ ထိုင်းရဲချုပ်က ဒီနေ့ပြောပါတယ်။

ထိုင်းနိုင်ငံထဲဝင်ဖို့ နိုင်ငံတချို့ကို ဗီဇာကင်းလွတ်ခွင့်ပေးလိုက်ချိန်ကစလို့ အိန္ဒိယနိုင်ငံသား အလုံးအရင်းနဲ့ဝင်ရောက်နေတာဖြစ်ပါတယ်။

အဲဒီလိုဝင်လာတဲ့သူတွေထဲ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှု၊ အွန်လိုင်းကနေ လိမ်လည်လှည့်ဖျားသူတွေပါလာမှာကို စိုးရိမ်ပြီး ထိုင်းရဲတပ်ဖွဲ့က စောင့်ကြည့်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

အခုမြန်မာနိုင်ငံသားကို သတ်ဖြတ်ခဲ့တဲ့ အိန္ဒိယအလုပ်ရှာဖွေရေးပွဲစားတွေဟာလည်း ထိုင်းနိုင်ငံထဲမှာ တရားဝင်မှတ်ပုံတင်ပြီး နှစ်နဲ့ချီကြာ နေထိုင်နေတဲ့သူတွေဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org