ထိုင်းနိုင်ငံရောက် မြန်မာတွေလည်း မဲစာရင်းမှား
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်မဲတွေကို လာမယ့် အောက်တိုဘာ လ ၁၇ ရက်နေ့ စနေနေ့မှာ ဘန်ကောက်မြို့က မြန်မာသံရုံးနဲ့ ချင်းမိုင်မြို့က ကောင်စစ်ဝန်ရုံးတွေမှာ မဲဆန္ဒပေးခွင့်ရ မှာဖြစ်ပြီး ပုံစံ ၁၅ နဲ့ မဲပေးခွင့် လျှောက်ထားသူတွေထဲမှာ နာမည်စာရင်းမပါသူတွေလည်းရှိတယ်လို့ သိရပါတယ်။
-
2015-10-14 -
-
-
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်မဲတွေကို လာမယ့် အောက် တိုဘာလ ၁၇ ရက်နေ့ စနေနေ့မှာ ဘန်ကောက်မြို့က မြန်မာသံရုံးနဲ့ ချင်းမိုင်မြို့က ကောင်စစ်ဝန်ရုံးတွေမှာ မဲဆန္ဒပေးခွင့်ရမှာဖြစ်ပြီး ပုံစံ ၁၅ နဲ့ မဲပေးခွင့် လျှောက်ထားသူတွေထဲမှာ နာမည်စာရင်းမပါသူတွေလည်းရှိတယ်လို့ သိရပါတယ်။
ချင်းမိုင်မြို့က မြန်မာကောင်စစ်ဝန်ရုံးမှာတော့ ထိုင်းနိုင်ငံ မြောက်ပိုင်းခရိုင် ၉ ခရိုင်မှာနေထိုင်ကြပြီး မြန်မာအစိုးရက ထုတ်ပေးထားတဲ့ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူ ၁၄၂ ယောက် ကြိုတင်မဲပေးဖို့ လာရောက်လျှောက်ထား ခဲ့ရာမှာ ၄၃ ယောက်ပဲ မဲပေးခွင့်ရတယ်လို့ ချင်းမိုင်ရုံးက ကောင်စစ်ဝန် ဦးကောင်းစံလွင် က ပြောပါတယ်။
"အဝေးရောက် ကြိုတင်မဲပေးချင်တဲ့သူတွေ ပုံစံ ၁၅ တွေဖြည့်ပြီး ဒီကိုလာပေးပါတောင်းတော့ စုစုပေါင်း ၁၄၂ ယောက်လာပေးကြတယ်၊ လာပေးတော့ အဲဟာကို ကျနော်တို့က မြန်မာပြည် ရွေးကောက်ပွဲကော်မရှင် ကို နိုင်ငံခြားရေးရာရုံးကနေတဆင့်ပို့တော့ မနေ့ကပြန်ပြီးတော့ သူတို့ဆီက မဲစာရင်းပေးလို့ရတဲ့ အကျူံဝင်တဲ့ လူစာရင်းပြန်ပို့လာတယ်၊ အားလုံး ၄၃ ယောက်ပဲ မဲစာရင်းထဲမှာ ပါတာပေါ့နော်၊ အဲ့ ၄၃ ယောက်ကိုတော့ လာမယ့် စနေနေ့ ၁၇ ရက်နေ့မှာ မဲရုံဖွင့်ပြီးတော့ မဲပေးလို့ရအောင်စီစဉ်ပေးပါမယ်၊ ကျန်တဲ့သူတွေက ကြိုတင်မဲအနေနဲ့ ပေးခွင့်ရှိမှာမဟုတ်တော့ဘူး၊ သူတို့ကတော့ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင် သူတို့မြို့နယ်ကို တိုက်ရိုက်ဆက်သွယ်ပြီးတော့ ဆက်လုပ်ရမယ်"
ကြိုတင်မဲပေးခွင့် မရရှိသူတွေအနေနဲ့ သက်ဆိုင်ရာ မြို့နယ်ကျေးရွာတွေမှာရှိကြတဲ့ ရွေးကောက်ပွဲကော်မရှင် ရုံးတွေထံဆက်သွယ်ပြီး မိမိနာမည်စာရင်းပါအောင် ပြန်လျှောက်လွှာတင်ကြရမှာဖြစ်ပြီး အဲ့ဒီနေရာဒေသတွေမှာပဲ မဲပြန်ပေးကြရတော့မှာဖြစ်တယ်လို့ ဆက်ပြောပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးမှာတော့ ကြိုတင်မဲပေးခွင့်တောင်းခံထားသူ ၇၁၃ ယောက် လာလျှောက်ထားပေမဲ့၊ ဘယ်နှစ်ယောက်မဲပေးခွင့်ရှိတယ်ဆိုတာ အတိအကျ မသိရသေးဘူးလို့ ဘန်ကောက်မြို့ မြန်မာသံရုံးက သံမှူးကြီး ဦးဝဏ္ဍဟန် က ပြောပါတယ်။
"ကျနော်တို့ ပုံစံ ၁၅ ကို မဲပေးဖို့ ဆန္ဒပြုတဲ့လူစာရင်း အားလုံးစုစုပေါင်း ၇၁၃ ဦးရှိပါတယ်ခင်ဗျ၊ အဲ့ဒါကို နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် ရွေးကောက်ပွဲကော်မရှင်ကို ပေးပို့ထားပါတယ်၊ မဲလက်မှတ်တွေပို့ပေးမယ်လို့ပြောတာ အခုသွားယူနေပါတယ်၊ အဲဒါမှာ ဘယ်နှစ်ယောက်ပါတယ်ဆိုတာ အတိအကျသိမှာပေါ့နော်"
ကြိုတင်မဲပေးခွင့်ရှိသူစာရင်း အတိအကျရရှိပြီဆိုရင်တော့ အဲ့ဒီမဲပေးခွင့်ရှိသူတွေဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာရှိတဲ့ မြန်မာသံရုံးနဲ့ ချင်းမိုင်မြို့မှာရှိတဲ့ ကောင်စစ်ဝန်ရုံးတွေမှာ အောက်တိုဘာ ၁၇ ရက်နေ့ စနေနေ့ မနက် ၉ နာရီကနေ ညနေ ၄ နာရီခွဲအထိ လာရောက်မဲပေးနိုင်ကြမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ထိုင်းနိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေ သန်းနဲ့ချီပြီး ရှိနေပေမယ့် မဲပေးခွင့်ရှိသူ အရေအတွက် အတိအကျမသိရပေမယ့် ပုံစံ ၁၅ မလျှောက်ရသူတွေနဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေဟာ နေ ရပ်ပြန်ပြီး မဲပေးမှပဲ မဲပေးပိုင်ခွင့်ရှိကြမှာဖြစ်တယ်လို့လည်း သိရပါတယ်။