သံတွဲမှာ လက်နက်ကြီးပေါက်ကွဲမှုကြောင့် အရပ်သား ငါးဦးသေဆုံး

သံတွဲမြို့နယ် အဘဲကျေးရွာမှာ ဇူလိုင်လ ၂၀ ရက်နေ့က စစ်ကောင်စီတပ် ပစ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် စစ်ဘေးဒုက္ခသည် ငါးဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့အဝင်ကို ၂၀၁၆ ခုနှစ်၊ မေလ ၄ ရက်နေ့က တွေ့ရစဥ်။ RFA

ရခိုင်ပြည်နယ် သံတွဲမြို့နယ် အဘဲကျေးရွာမှာ ဇူလိုင်လ ၂၀ ရက်နေ့က စစ်ကောင်စီတပ် ပစ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် စစ်ဘေးဒုက္ခသည် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ငါးဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနက်ပိုင်းတိုက်ပွဲမဖြစ်ခင်မှာ လက်နက်ကြီးနဲ့ပစ်တာကြောင့် သေဆုံးသွားကြတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဒီနေ့မနက်က အဘဲရွာကို လက်နက်ကြီးကျလို့ စစ်ဘေးရှောင်နေတဲ့ မိသားစုတွေထဲက ငါးယောက်သေတယ်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးလည်း ပါတယ်ပြောတယ်၊ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်၊ အဲဒါတွေပြီးတော့မှ တိုက်ပွဲတွေဖြစ်တာ၊ ဂျိတ်တောဘက်ကဆုတ်လာတဲ့အဖွဲ့တွေနဲ့ အာရက္ခတပ်တော်နဲ့ တိုက်ပွဲဖြစ်တာပေါ့၊ အဘဲမှာ တိုက်ပွဲဖြစ်တယ်လို့ ပြောလို့ရတယ်"

လက်ရှိ စစ်ကောင်စီဘက်က စစ်အင်အားတွေဖြည့်နေပြီး ဇလွန်ရွာမှာရှိတဲ့ စစ်ကောင်စီတပ်တွေလည်း ဂျိတ်တောရွာဘက်ကို ဆုတ်သွားပြီး ဂျိတ်တောနဲ့ အဘဲဘက်မှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဇူလိုင်လ ၂၀ ရက်နေ့မှာပဲ ဇလွန်နဲ့ ရေတပ်ကြားမှာရှိတဲ့ လမ်းတွေပေါ်က တံတားလေးစင်းကို စစ်ကောင်စီဘက်က ပျက်စီးလိုက်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
လက်ရှိသံတွဲမြို့ပေါ်ကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပြီး မြို့အဝင်အထွက်တွေကိုလည်း ကန့်သတ်ထားပါတယ်။

စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးတယ်ဆိုတာနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ တစ်ကျော့ပြန်တိုက်ပွဲတွေအတွင်း ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်က မြို့နယ် ကိုးမြို့နယ်ကို AA က သိမ်းယူထားပြီး သံတွဲနဲ့ မောင်တောမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org