ရေဘေးကြုံနေတဲ့ တနင်္သာရီမှာ စစ်ကြောင်းကြောင့် လူတစ်ထောင်ကျော် ထွက်ပြေးနေရ

ရေဘေးကြုံနေရတဲ့ လယ်သစ်ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် လယ်သစ်ရွာအပါအဝင် အနီးအနားရွာတွေက လူတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

တနင်္သာရီမြစ်ရေတက်လာသဖြင့် ရွှေ့ပြောင်းနေကြသူများအား ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့က တွေ့ရစဥ်။ တွဲလက်ညီညီ စစ်ရှောင်ကူညီရေးအဖွဲ့၊ တနင်္သာရီမြို့နယ်

တနင်္သာရီမြစ်ရေ မြင့်တက်မှုကြောင့် ရေဘေးကြုံနေရတဲ့ တနင်္သာရီမြို့နယ် လယ်သစ်ရွာကို စစ်ကောင်စီတပ်က သြဂုတ်လ ၂ ရက်နေ့ကစပြီး စစ်ကြောင်းထိုးနေတာကြောင့် လယ်သစ်ရွာအပါအဝင် အနီးအနားရွာတွေက လူတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့အထိ စစ်ကြောင်းထိုးနေတာကြောင့် လယ်သစ် (အရှေ့)၊ လယ်သစ် (အနောက်)၊ ဝါရစ်၊ ရေပေါ်၊ သာရဖုံ (အရှေ့)၊ သာရဖုံ (အနောက်) ရွာတွေက ဒေသခံတွေဟာ နီးစပ်ရာ ဥယျာဉ်ခြံတွေထဲ ထွက်ပြေးနေရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ရေဘေးရော၊ စစ်ဘေးရော နှစ်ဘေးလုံး ထိနေတာပေါ့။ စစ်ဘေးအတွက်နဲ့လည်း ရွာပြန်လို့မရ။ ရေကတော့ ကျသွားပေမဲ့ အကုန်ကျသွားတာ မဟုတ်တဲ့အတွက် နှစ်ခုစလုံးဒဏ်ကို ခံနေရတာပေါ့”

စစ်ကောင်စီတပ်စစ်ကြောင်းဟာ လယ်သစ် (အနောက်) ရွာမှာ ထပ်စွဲထားပြီး နေအိမ်လေးလုံးကို မီးရှို့ဖျက်ဆီးခဲ့သလို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အနီးပတ်ဝန်းကျင်ကို ပစ်ခတ်တာတွေ လုပ်နေတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

“လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ ဒရုန်းနဲ့လည်း ပစ်တယ်။ လူတွေတော့ ထိခိုက်မှု မရှိသေးဘူး။ အနောက်ရွာမှာရှိတဲ့ PDF ရဲဘော်တစ်ဦးရဲ့နေအိမ်ကို စပြီးမီးရှို့တယ်။ နောက်ကျ မီးတွေဆက်လောင်ပြီး နေအိမ်လေးလုံး မီးလောင်ပျက်စီးသွားတယ်”

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ဇူလိုင်လ ၃၀ ရက်နေ့ကလည်း လယ်သစ် (အနောက်) ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သြဂုတ်လ ၁ ရက်နေ့ကတော့ တနင်္သာရီတိုင်း ပုလောမြို့နယ် ဆင်ထိုးကြီးရွာမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး အရပ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org