ထန်တလန်မှာ နေအိမ်နဲ့ ဘာသာရေး အဆောက်အအုံ ၁၂၃ လုံး မီးထပ်ရှို့ခံရ

ဇန်နဝါရီလ ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိ အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင် တွေဟာ ချင်းပြည်နယ် ထန်တလန်မြို့က နေအိမ်နဲ့ ဘာသာရေး အဆောက်အအုံ ၁၂၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထန်တလန်မြို့နယ် ပြန်လည်နေရာချထားပေးရေး ကော်မတီ Thantlang Placement Affairs Committee IDPs help က ဇန်နဝါရီ ၈ ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

မီးလောင်ပျက်စီးနေတဲ့ ထန်တလန်မြို့က နေအိမ်တွေကို ၂၀၂၁၊ ဒီဇင်ဘာ ၇ ရက်နေ့က တွေ့ရစဉ် Photo: The Chin Journal

ဇန်နဝါရီလ ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိ အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေဟာ ချင်းပြည်နယ် ထန်တလန်မြို့က နေအိမ်နဲ့ ဘာသာရေး အဆောက်အအုံ ၁၂၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထန်တလန် မြို့နယ် ပြန်လည်နေရာချထားပေးရေး ကော်မတီ Thantlang Placement Affairs Committee IDPs help က ဇန်နဝါရီ ၈ ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇန်နဝါရီ ၃ ရက်နေ့မှာ ၁၀၉ လုံး၊ ၄ ရက်နေ့မှာ ၃ လုံးနဲ့ ၅ ရက်နေ့မှာ ၁၁ လုံး မီးရှို့ ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ထန်တလန်မြို့မှာ ၂၀၂၁ ခုနှစ် ဩဂုတ်လကနေ စက်တင်ဘာလအထိ နေအိမ်နဲ့ ဘာသာရေး အဆောက်အအုံ ၃၀၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး စက်တင်ဘာ ၉ ရက်နေ့ကနေ ဒီဇင်ဘာ ၈ ရက်နေ့အထိ မီးရှို့ခံရတာ ၁၃ ကြိမ်ရှိခဲ့ပြီး ဘုရားကျောင်း ငါးကျောင်းနဲ့ နေအိမ် ၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

အရပ်ဘက်လူမှုအဖွဲ့တွေနဲ့ ဒေသခံတွေက ဒီမီးရှို့တဲ့လုပ်ရပ်တွေကို စစ်ကောင်စီဘက်က ကျူးလွန်တာလို့ ပြောဆိုနေကြပေမယ့် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒီမီးရှို့တဲ့ လုပ်ရပ်တွေကို သူတို့လုပ်တာ မဟုတ်ဘဲ ဒေသခံ PDF တွေက လုပ်နေတာလို့ ခုခံပြောဆိုနေတာဖြစ်ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၂ ဇန်နဝါရီလ ၅ ရက်နေ့အထိ ချင်း၊ ကယား၊ မကွေးနဲ့ စစ်ကိုင်း အပါအဝင် တိုင်းနဲ့ ပြည်နယ် ကိုးခုရှိ မြို့ခြောက်မြို့နဲ့ ကျေးရွာပေါင်း ၉၀ က လူနေ အဆောက်အအုံ ၁၉၆၃ လုံး မီးရှို့ခံခဲ့ရတယ်လို့ နိုင်ငံရေး၊ စစ်ရေးနဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို သုတေသနပြုနေတဲ့ Data for Myanmar အဖွဲ့က RFA ကို ပြောထားပါတယ်။

Data for Myanmar အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ချင်းပြည်နယ်မှာ ဘာသာရေးနဲ့ လူနေအဆောက်အအုံ ၇၅၂ လုံးနဲ့ ဇန်နဝါရီ ၈ ရက်နေ့မီးရှို့ဖျက်ဆီးခံရတာနဲ့ ဆိုရင် ၈၇၅ လုံးရှိသွားပြီဖြစ်ပါတယ်။

တိုင်းနဲ့ ပြည်နယ်အလိုက် ကြည့်မယ်ဆိုရင် ချင်းပြည်နယ်မှာ အိမ်ခြေ ၇၅၂ လုံး၊ စစ်ကိုင်းတိုင်းမှာ ၆၆၂ လုံး၊ မကွေးတိုင်းမှာ ၄၂၅ လုံး၊ ကယားပြည်နယ်မှာ ၆၆ လုံး၊ ကယားနယ်စပ် ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၂၃ လုံး၊ မန္တလေးတိုင်းမှာ ၁၃ လုံး၊ ပဲခူးတိုင်း အနောက်ခြမ်းမှာ ၁၀ လုံး၊ တနင်္သာရီတိုင်းမှာ ၇ လုံးနဲ့ ကရင်ပြည်နယ်မှာ ၅ လုံး စုစုပေါင်း လူနေ အဆောက်အအုံ ၁၉၆၃ လုံး မီးရှို့ခံရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org